တောမီးလောင်မှုမှ မီးခိုးငွေ့များက အမေရိကန်နိုင်ငံ အနောက်ဘက် နေရာအများအပြားကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုအတွင်း လူခြောက်ဦး သေဆုံးခဲ့ပြီး လေတိုက်ခတ်မှုကြောင့် တောမီးလောင်မှု ပိုမိုအရှိန်ကောင်းနေခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

တောမီးလောင်မှုမှ မီးခိုးငွေ့များက အမေရိကန်နိုင်ငံ အနောက်ဘက် နေရာအများအပြားကို ပျံ့နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း တောမီးလောင်မှု ၅၆၀ အနက် တောင်ဘက် တောင်တန်းများနဲ့ ဆန်ဖရန်စစ္စကိုမြို့ အရှေ့ဘက်တို့မှာ အဆိုးဆုံး ဖြစ်ပွားနေပါတယ်။



ယခု တောမီးလောင်မှုတွေဟာ ကယ်လီဖိုးနီးယားမှာ သမိုင်းမှတ်တမ်းဝင် အပူလှိုင်းဖြတ်သန်းမှုအတွင်း မိုးကြိုးပစ်မှု အကြိမ် ၁၂,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးကြောင့် ရာနဲ့ချီတဲ့ အဆောက်အအုံတွေ မီးလောင်ပြာကျခဲ့ပြီး နောက်ထပ် ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေဟာ မီးအန္တရာယ်ရှိနေခဲ့ပါတယ်။

(Photo: AP)

တာဝန်ရှိသူတွေက သောကြောနေ့ (ဩဂုတ် ၂၁ ရက်) အထိ ထုတ်ပြန်ထားမှုအရ တောမီးလောင်မှုပမာဏဟာ အစောပိုင်းရက်ကထက် နှစ်ဆဖြစ်လာခဲ့ပြီး ဒေသခံ ၁၇၅,၀၀၀ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ကယ်လီဖိုးနီးယားတောမီးကို မီးသတ်သမား ၁၀,၀၀၀ ကျော်က ငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခက်အခဲများရှိနေခဲ့ပါတယ်။ အခြား ပြည်နယ်များမှ မီးသတ်သမားတွေကလည်း ကူညီငြှိမ်းသတ်ရန် လာရောက်နေကြကြောင်း သိရပါတယ်။

ယခု ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေအနက် နှစ်ခုဟာ ကယ်လီဖိုးနီးယား သမိုင်းတစ်လျှောက် သတ္တမမြောက်နဲ့ ဒသမမြောက် အကြီးဆုံး ဖြစ်လာတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရန့် အနေနဲ့ ယခု ဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားတောမီးလောင်မှုကို အဓိကကျတဲ့ ဘေးအန္တရာယ်အဖြစ် ကြေညာရန်လည်း ၎င်းက တိုက်တွန်းလိုက်ပါတယ်။

(Photo: Getty Images)

"ဒီလို တောမီးလောင်တာမျိုးကို ကျွန်တော် နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဖူးပါဘူး၊ အခုဆိုရင် တောမီးလောင်တဲ့ ဧရိယာက အမေရိကန်ပြည်နယ် Rhode Island အရွယ်အစားလောက်ရှိသွားပါပြီ" လို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ပြောပါတယ်။

တောမီးလောင်မှုတွေ ဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်မှာ COVID-19 ကူးစက်မှုအများဆုံး ပြည်နယ်လည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၅၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ တောမီးလောင်မှုကြောင့် ရွှေ့ပြောင်းရသူအချို့ကလည်း ကူးစက်မှုအန္တရာယ် စိုးရိမ်တာကြောင့် အရေးပေါ် ခိုလှုံရေးစခန်းတွေမှာ နေထိုင်လိုခြင်း မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း စုစုပေါင်း မြေဧရိယာ ၁,၂၀၅ စတုရန်းမိုင်မှာ တောမီးများလောင်ကျွမ်းသွားခဲ့ပြီး ဖြစ်ပါတယ်။ 

.

Share

Loading Next Article...
က္က