တောမီးလောင်မှု ၅၈၅ နေရာ ဖြစ်ပွားနေပြီး မြေဧက တစ်သန်းနီးပါး လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။
Ko John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုကို အဓိက ဘေးအန္တရာယ်အဖြစ် သမ္မတဒေါ်နယ်ထရန့်က ကြေညာလိုက်ပြီး ပြည်ထောင်စု အကူအညီ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

(Photo: Getty Images)

ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှု ၅၈၅ နေရာ ဖြစ်ပွားနေပြီး မြေဧက တစ်သန်းနီးပါး လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။ တောမီးလောင်မှုကို ငြှိမ်းသတ်ရန် မီးသတ်သမား ၁၄,၀၀၀ ကျော်က ကြိုးပမ်းနေကြပါတယ်။ တောမီးလောင်နေတဲ့ နေရာတွေမှာ လေပြင်းတိုက်ခတ်မှုတွေ ရှိလာနိုင်ကြောင်း ခန့်မှန်းထားရာ လူနေပိုမိုထူထပ်တဲ့ နယ်မြေများသို့ မီးကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေ သိန်းနဲ့ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ အပျက်အစီးအများစုဟာ တောင်တန်းထူထပ်ပြီး သစ်ပင်ပေါများတဲ့ ကျေးလက်ဒေသများရှိ ကြီးမားတဲ့ တောမီးလောင်မှု သုံးခုကြောင့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က စနေနေ့ (ဩဂုတ် ၂၂ ရက်) မှာ ပြောကြားမှုအရ ဆန်ဖရန်စစ္စကို တောင်ဘက်နဲ့ အရှေ့ဘက်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ပြည်နယ်သမိုင်းတစ်လျှောက် တတိယအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

တောမီးလောင်ဟာ ကယ်လီဖိုးနီးယားရဲ့ သက်တမ်းအကြာဆုံး ပြည်နယ်ဥယျာဥ်မှာလည်း လောင်ကျွမ်းနေခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၂,၀၀၀ ကျော်ရှိတဲ့ အဖိုးတန် redwood သစ်ပင်များ မီးလောင်သွားခဲ့ပါတယ်။ ခရီးသွားများ အဓိက လာရောက်လေ့ရှိကြတဲ့ Big Basin ပြည်နယ်ဥယျာဥ်ဟာ တောမီးလောင်သွားခဲ့ပြီး အမြင့်ပေ ၃၃၀ အထိရှိတဲ့ သစ်ပင်အချို့ လဲကျခဲ့ကာ အကြီးအကျယ် ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Getty Images)

ကယ်လီဖိုးနီးယား တောမီးလောင်မှုအတွင်း မီးသတ်သမား ၄၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ရာနဲ့ချီတဲ့ အဆောက်အအုံများ မီးလောင်ပြာကျသွားခဲ့ကာ နောက်ထပ် ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေဟာ မီးအန္တရာယ်ရှိနေပါတယ်။ တောမီးလောင်မှုမှ မီးခိုးငွေ့များကလည်း အမေရိကန်နိုင်ငံ အနောက်ဘက် နေရာအများအပြားကို ပျံ့နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခု တောမီးလောင်မှုတွေဟာ ကယ်လီဖိုးနီးယားမှာ သမိုင်းမှတ်တမ်းဝင် အပူလှိုင်းဖြတ်သန်းမှုအတွင်း မိုးကြိုးပစ်မှု အကြိမ် ၁၂,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးလောင်မှုတွေ ဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်မှာ COVID-19 ကူးစက်မှုအများဆုံး ပြည်နယ်လည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၅၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

တောမီးလောင်မှုကြောင့် ရွှေ့ပြောင်းရသူအချို့ကလည်း ကူးစက်မှုအန္တရာယ် စိုးရိမ်တာကြောင့် အရေးပေါ် ခိုလှုံရေးစခန်းတွေမှာ နေထိုင်လိုခြင်း မရှိဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။ တာဝန်ရှိသူတွေကတော့ တောမီးအန္တရာယ်ကြောင့် နေအိမ်စွန့်ခွာရန် လိုအပ်နိုင်သူတွေဟာ တစ်ဦးလျှင် mask နှစ်ခုစီ၊ လက်သန့်စင်ဆေးရည်၊ ဆပ်ပြာနဲ့ ပိုးမွှားသတ်တစ်ရှူးများ ယူဆောင်လာကြရန် ပြောထားကြောင်း သိရပါတယ်။


Author


က္က