ဇူလိုင် ၂၃ ရက်မှာ တောမီးလောင်မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ တောမီးများ ပျံ့နှံ့လောင်ကျွမ်းနေမှုအတွင်း မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ဒေသခံ သောင်းနဲ့ချီပြီး ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

Photo: AFP/JOSH EDELSON





Shasta ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လေပြင်းများတိုက်ခတ်မှုကြောင့် 'မီးတောက်လေဆင်နှာမောင်း' ပုံသဏ္ဍန်ဖြစ်သွားပြီး သစ်ပင်များ အမြစ်မှကျွတ်ထွက်မှုနဲ့ ကားများတိမ်းမှောက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

Carr fire လို့ ခေါ်ကြတဲ့ ကယ်လီဖိုးနီးယား တောမီးလောင်မှုတွေကြောင့် အဆောက်အအုံ ၅၀၀ ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေဟာ မီးဘေးအန္တရာယ်ရှိနေပါတယ်။

Getty Images



ကယ်လီဖိုးနီးယားမြောက်ပိုင်း တောမီးလောင်မှုဟာ တနင်္လာနေ့ (ဇူလိုင် ၂၃ ရက်) မှာ စတင်ဖြစ်ပွားခဲ့ပြီး မြေဧရိယာ ဟက်တာ ၄၈,၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပြီး ထိုပမာဏဟာ ဆန်ဖရန်စစ္စကိုမြို့ထက် ပိုမိုကြီးမားကြောင်း သိရပါတယ်။

"လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးတောက်ကြီးက ပတ်ချာလှည့်နေပြီး လေဆင်နှာမောင်းတစ်ခုလို ဖြစ်နေခဲ့တယ်" လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနမှ အကြီးအကဲ Ken Pimlott က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Photo: AFP



"အဲဒီ အခြေအနေက မီးလောင်မှုနဲ့အတူ လေဆင်နှာမောင်းပါ တိုက်ခတ်ခဲ့တာမျိုးဖြစ်ခဲ့ပြီး သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်တာ၊ ကားတွေရွေ့သွားပြီး တိမ်းမှောက်မှုတွေ ဖြစ်ခဲ့တယ်" လို့ ၎င်းကဆိုပါတယ်။

တောမီးလောင်မှုကြောင့် ဒေသခံ ၃၇,၀၀၀ ရွှေ့ပြောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလအတွင်း တောမီးလောင်မှုတွေ နှစ်စဉ် ဖြစ်လေ့ရှိကြောင်း သိရပါတယ်။

မီးတောက်လေဆင်နှာမောင်း

- မီးတောက်လေဆင်နှာမောင်းဟာ လေဝဲကတော့အတွင်း ပြာမှုန်နဲ့ မီးတောက် ပါဝင်နေမှုဖြစ်ပါတယ်။

- လေပူများ အပေါ်သို့မြင့်တက်ပြီးနောက် လှည့်ပတ်လာကာ လေဝဲ့ကတော့ပုံစံ ဖြစ်လာပါတယ်။ ထို့နောက် မီးတောက်လွယ်တဲ့ ဓာတ်ငွေ့တွေနဲ့ တောမီးလောင်ကျွမ်းခံထားရတဲ့ အပင်တွေကို ဆွဲယူသွားပါတယ်။

- မီးတောက်လေဆင်နှာမောင်းဟာ မိနစ်အနည်းငယ်မျှသာ ဖြစ်ပေါ်လေ့ရှိပေမဲ့ လျင်မြန်စွာ ရွေ့လျားနိုင်တာကြောင့် အလွန် အန္တရာယ်ရှိပါတယ်။

- အမြင့်ပေ ဒါဇင်အများအပြားအထိ ရောက်ရှိနိုင်ပြီး အလယ်ဗဟိုမှ အပူချိန်ဟာ ၁,၀၉၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က