ဆည်ကျိုးပေါက်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ရေဖုံးလွှမ်းသွားခဲ့ပါတယ်။

လာအိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်း ရေလှောင်ဆည်ကျိုးပေါက်ခဲ့မှုအတွင်း လူ ၁၃၁ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လာအိုဝန်ကြီးချုပ်က ယနေ့ (ဇူလိုင် ၂၅ ရက်) ပြောပါတယ်။

Photo: ABC Laos video footage




ဇူလိုင် ၂၃ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆည်ကျိုးပေါက်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ရေဖုံးလွှမ်းသွားခဲ့ပြီး ဒေသခံ ၇,၀၀၀ နီးပါး ရေဘေးကြုံခဲ့ရပါတယ်။

လာအိုဝန်ကြီးချုပ် Thongloun Sisoulith က ဆည်ကျိုးပေါက်မှုအတွင်း သေဆုံးသူနဲ့ ပျောက်ဆုံးနေသူ အရေအတွက်ကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Attapeu ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်းအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ဆည် ကျိုးပေါက်ခဲ့ပြီးနောက် ပတ်ဝန်းကျင်နေရာဒေသများသို့ ရေပမာဏ ကုဗမီတာ ၅ ဘီလီယံ စီးထွက်သွားခဲ့ပါတယ်။ အဆိုပါ ရေပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှ ရေကူးကန်အရေအတွက် ၂ သန်းကျော်ရှိ ရေပမာဏနဲ့ တူညီတယ်လို့ဆိုပါတယ်။

Photo: Lao News Agency KPL



လာအိုတောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ရေကြီးနေခဲ့ပြီးနောက် Xe Pian Xe ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဆည်ကျိုးပေါက်မှုမတိုင်မီရက်မှာ Xe Pian Xe ဆည်ရဲ့ ရေထိန်းနံရံပျက်စီးမှု တွေ့ရှိခဲ့ရတယ်လို့ အဆိုပါ ရေလှောင်ဆည် တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီး ကန်ထရိုက်တာတွေက ပြောပါတယ်။

ဆည်ကျိုးပေါက်မှုအတွင်း လူ ၁၇ ဦးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ရေအားလျှပ်စစ်စီမံကိန်း ဆည်ကျိုးပေါက်မှုကြောင့် အနီးပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်ခဲ့ပြီး ဒေသခံ ၃,၀၀၀ ဟာ ယနေ့မွန်းလွဲပိုင်းအထိ သစ်ပင်များနဲ့ နေအိမ်ခေါင်းမိုးတွေပေါ်မှာ သောင်တင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Infographic: AFP



ကျိုးပေါက်သွားခဲ့တဲ့ ရေလှောင်ဆည်ကို ဗီယက်နမ်အခြေစိုက် Xe Pian Xe Namnoy လျှပ်စစ်စွမ်းအင်ကုမ္ပဏီက ထိုင်းနိုင်ငံမှ Ratchaburi Electricity Generating Holding၊ တောင်ကိုရီးယားနိုင်ငံမှ Korea Western Power၊ အစိုးရပိုင် Lao Holding State Enterprise တို့နဲ့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝမ် ၄၁၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ရေလှောင်ဆည်ကို အသုံးပြုပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Xe Pian Xe ဆည်ကို အသုံးပြုပြီး ထုတ်လုပ်မယ့် ရေအားလျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့လွှတ်မှာဖြစ်ပြီး ကျန်ရှိတဲ့ ဓာတ်အားပမာဏကိုတော့ လာအိုပြည်တွင်းမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က