အမေရိကန်မီဒီယာတွေက ဟမ်ဇား သေဆုံးခဲ့ကြောင်းကို အစောပိုင်းကတည်းက ဖော်ပြခဲ့ကြပါတယ်။
Ko John

အယ်လ်ကေဒါအကြမ်းအုပ်စုခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူနဲ့ ၎င်းရဲ့ အရိုက်အရာကိုဆက်ခံသူ ဟမ်ဇားဘင်လာဒင် သေဆုံးကြောင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက အတည်ပြုလိုက်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ) (Photo: Chip Somodevilla/Getty Images)

"ဒါက ကျွန်တော် နားလည်းထားတာပါ၊ ဒီဟာနဲ့ပတ်သက်ပြီး အသေးစိတ်တွေတော့ ကျွန်တော့်မှာ မရှိပါဘူး၊ ခင်ဗျားတို့ကို ဒီအကြောင်း ဘယ်လောက်အထိ ကျွန်တော် ပြောပြနိုင်မယ်ဆိုတာ မသေချာပါဘူး" လို့ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်) နေ့က Fox News နဲ့ အင်တာဗျူးအစီအစဉ်မှာ ဟမ်ဇားဘင်လာဒင် သေဆုံးခဲ့ပြီးလားလို့ မေးမြန်းမှုကို ဝန်ကြီးက ဖြေကြားသွားခဲ့ပါတယ်။

ဇူလိုင်လကုန်နဲ့ သြဂုတ်လ အစပိုင်းမှာတော့ အမေရိကန်မီဒီယာတွေက ဟမ်ဇားဘင်လာဒင်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က အမေရိကန် ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း သေဆုံးခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

(ဟမ်ဇားဘင်လာဒင်ကို အလိုရှိကြောင် FBI ဝက်ဘ်ဆိုက်မှာ ကြေညာထားမှု) (Photo: FBI)

သို့သော် သမ္မတဒေါ်နယ်ထရန့်နဲ့ အခြား အစိုးရ ထိပ်တန်းအရာရှိတွေကတော့ ဟမ်ဇားဘင်လာဒင် သေဆုံးမှုနဲ့ပတ်သက်ပြီး လူသိရှင်ကြား အတည်ပြုချက်ပေးရန် ငြင်းဆန်ခဲ့ကြပါတယ်။ "ကျွန်တော် ဒီကိစ္စကို မှတ်ချက်မပေးချင်ပါဘူး" လို့ သမ္မတထရန့်က သတင်းထောက်တွေက မေးမြန်းခဲ့စဉ်မှာ ပြောခဲ့ပါတယ်။

အိုစမာဘင်လာဒင်ရဲ့ တတိယမြောက်ဇနီးရဲ့ သားဖြစ်ပြီး ၎င်းရဲ့ သားသမီး ၂၀ ဦးအနက် ၁၅ ဦးမြောက်ဖြစ်သူ ဟမ်ဇားဘင်လာဒင်ဟာ အသက် ၃၀ ဝန်းကျင်အရွယ် ဖြစ်ပါတယ်။ ၎င်းဟာ ဖခင်ရဲ့နေရာကို ဆက်ခံခဲ့ပြီး အယ်လ်ကေဒါအကြမ်းဖက်အုပ်စု ခေါင်းဆောင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

(ဟမ်ဇားဘင်လာဒင်) (Photo: AFP)

ဟမ်းဇာဘင်လာဒင်က ၂၀၁၁ ခုနှစ်မှာ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဖခင်ဖြစ်သူ အိုစမာဘင်လာဒင်အတွက် လက်စားချေတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားခဲ့ပါတယ်။ ဟမ်ဇားဘင်လာဒင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းပေးမယ်လို့ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း အမေရိကန်အစိုးရ ကြေညာထားခဲ့ပါတယ်။

အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက်ပိုင်း ၎င်းရဲ့ သက်ရှိထင်ရှား ကျန်ရှိတဲ့ဇနီးသုံးဦးနဲ့ ကလေးတွေကို ဆော်ဒီသို့ တိတ်တဆိတ် ပြန်ခွင့်ပြုခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် ဟမ်ဇား မည်သည့်နေရာကို ရောက်ရှိနေကြောင်းကတော့ အတိအကျ မသိနိုင်ဘဲ အငြင်းပွားစရာ ဖြစ်နေခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(အိုစမာဘင်လာဒင်) (Photo: Rahimullah Yousafzai/AP)

ဟမ်ဇားဟာ ၎င်းရဲ့မိခင်နဲ့အတူ အီရန်မှာ နှစ်အတန်ကြာ နေထိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဟမ်ဇားရဲ့တည်နေရာကို မသိထားကြောင်း သို့သော် အာဖဂန်နစ္စတန်မှာ ရှိနိုင်တယ်လို့ ၎င်းနဲ့ညီအစ်ကိုဝမ်းကွဲ တော်စပ်သူတစ်ဦးက ယမန်နှစ်အတွင်း The Guardian သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

ဟမ်ဇားဟာ ၂၀၀၁ ခုနှစ်က အယ်လ်ကေဒါအဖွဲ့ရဲ့ လေယာဉ်ပြန်ပေးဆွဲကာ အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူ မိုဟမ်မက်အက်တာရဲ့ သမီးဖြစ်သူနဲ့ လက်ထပ်ခဲ့ကြောင်းလည်း ညီအစ်ကိုဝမ်းကွဲ တော်စပ်သူက ဆိုပါတယ်။

(၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု မြင်ကွင်းတစ်ခု) (Photo: Getty Images)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကေဒါအဖွဲ့မှ အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ် ၄ စီးကို ပြန်ပေးဆွဲကာ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံနှစ်ခု အပါအဝင် အမေရိကန်နိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

၉/၁၁ တိုက်ခိုက်မှုလို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၂,၉၉၆ ဦး၊ လေယာဉ်ပြန်ပေးဆွဲ အယ်လ်ကေဒါအကြမ်းဖက်သမား ၁၉ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်မှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။


က္က