ဂျီဟတ်အိမ်ရှေ့မင်းသားလို့လည်း ခေါ်ဝေါ်ကြတဲ့ ဟမ်ဇားဘင်လာဒင်ကို ရှာဖွေနေပါတယ်။

အမေရိကန်နိုင်ငံက သေဆုံးသွားခဲ့တဲ့ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်ဆောင်း အိုစမာဘင်လာဒင်ရဲ့ သားတစ်ဦးကို ဆုငွေထုတ်လိုက်ကြောင်း သိရပါတယ်။

(ဘင်လာဒင်နဲ့ ဟမ်ဇား) (Photo: @MuthokaTito/Twitter)

ဘင်လာဒင်ရဲ့ သားတစ်ဦးဖြစ်သူ ဟမ်ဇားဘင်လာဒင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်မယ်လို့ အမေရိကန်အစိုးရက ဖေဖေါ်ဝါရီ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။



ဂျီဟတ်အိမ်ရှေ့မင်းသားလို့လည်း ခေါ်ဝေါ်ကြတဲ့ ဟမ်ဇားဘင်လာဒင်ရဲ့ တည်နေရာကို သိရှိနိုင်ရန် နှစ်နဲ့ချီ ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ၎င်းဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်မှာ ရှိနေကြောင်း၊ သို့မဟုတ် အီရန်မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

(ဟမ်ဇားဘင်လာဒင်) (Photo: AFP)

ဟမ်ဇားဟာ အယ်လ်ကေဒါအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ "ဟမ်ဇားဘင်လာဒင်က သေဆုံးသွားတဲ့ အယ်လ်ကေဒါခေါင်းဆောင်ဟောင်း ဘင်လာဒင်ရဲ့သားဖြစ်ပြီး အယ်လ်ကေဒါအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်လာသူပါ" လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရက ဟမ်ဇားရဲ့ နိုင်ငံတစ်ခုခုရှိ တည်နေရာအတွက် သတင်းပေးပါက ဒေါ်လာ ၁ သန်း ဆုကြေးငွေ ချီးမြှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဟမ်ဇားဟာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ၎င်းရဲ့ဖခင်ကို သတ်ခဲ့မှုအတွက် အမေရိကန်ကို လက်စားချေ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

(သေဆုံးသွားခဲ့တဲ့ အယ်လ်ကေဒါခေါင်းဆောင် ဘင်လာဒင်) (Photo: Rahimullah Yousafzai/AP)

ဘင်လာဒင်ဟာ ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ Abbottabad မြို့ရှိ နေအိမ်တစ်အိမ်မှာ ပုန်းအောင်နေခဲ့စဉ် အမေရိကန် အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးသတင်းတွေအရ ဟမ်ဇားဟာ ၎င်းရဲ့ဖခင်ကို ဆက်ခံသူအဖြစ် အယ်လ်ကေဒါအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်လို့ သိရပါတယ်။

ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ကျရှုံးမှုတွေဖြစ်လာခဲ့ပြီးနောက် အယ်လ်ကေဒါအဖွဲ့က ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်တဲ့ အခြေအနေကိုလည်း တွက်ဆထားကြပါတယ်။

(ဘင်လာဒင် ပုန်းအောင်းနေခဲ့သည့် နေအိမ်) (Photo: AFP/Getty Images)

၂၀၁၅ ခုနှစ်အတွင်း ဟမ်ဇားက အသံဖိုင်တစ်ခု ထုတ်လွှင့်ခဲ့ဖူးပြီး ဆီးရီးယားရှိ စစ်သွေးကြွတွေကို စည်းလုံးညီညွတ်ကြရန်နဲ့ ဆီးရီးယားမှာ တိုက်ခိုက်နေမှုက ပါလက်စတိုင်းလွတ်လပ်ရေး လမ်းကြောင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထို့နောက် တစ်နှစ်အကြာမှာလည်း ဟမ်ဇားဒင်က ဖခင်ရဲ့ခြေရာလိုက်ကာ ၎င်းတို့ရဲ့မွေးရပ်ဇာတိ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အစိုးရကို ဖြုတ်ချကြရန် တိုက်တွန်းခဲ့ပါတယ်။

အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက်ပိုင်း ၎င်းရဲ့ သက်ရှိထင်ရှား ကျန်ရှိတဲ့ဇနီးသုံးဦးနဲ့ ကလေးတွေကို ဆော်ဒီသို့ တိတ်တဆိတ် ပြန်ခွင့်ပြုခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် ဟမ်ဇား မည်သည့်နေရာကို ရောက်ရှိနေကြောင်းကတော့ အတိအကျ မသိနိုင်ဘဲ အငြင်းပွားစရာ ဖြစ်နေခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(ဆုငွေထုတ်ထားကြောင်း Twitter မှာ ကြေညာထားမှု) (Photo: @Rewards4Justice/Twitter)

ဟမ်ဇားဟာ ၎င်းရဲ့မိခင်နဲ့အတူ အီရန်မှာ နှစ်အတန်ကြာ နေထိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဟမ်ဇားရဲ့တည်နေရာကို မသိထားကြောင်း သို့သော် အာဖဂန်နစ္စတန်မှာ ရှိနိုင်တယ်လို့ ၎င်းနဲ့ညီအစ်ကိုဝမ်းကွဲ တော်စပ်သူတစ်ဦးက ယမန်နှစ်အတွင်း The Guardian သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

ဟမ်ဇားဟာ ၂၀၀၁ ခုနှစ်က အယ်လ်ကေဒါအဖွဲ့ရဲ့ လေယာဉ်ပြန်ပေးဆွဲကာ အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူ မိုဟမ်မက်အက်တာရဲ့ သမီးဖြစ်သူနဲ့ လက်ထပ်ခဲ့ကြောင်းလည်း ညီအစ်ကိုဝမ်းကွဲ တော်စပ်သူက ပြောခဲ့ပါတယ်။

(၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု) (Photo: Reuters)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကေဒါအဖွဲ့မှ အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ် ၄ စီးကို ပြန်ပေးဆွဲကာ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံနှစ်ခု အပါအဝင် အမေရိကန်နိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

၉/၁၁ တိုက်ခိုက်မှုလို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၂,၉၉၆ ဦး၊ လေယာဉ်ပြန်ပေးဆွဲ အယ်လ်ကေဒါအကြမ်းဖက်သမား ၁၉ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်မှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က