အမေရိကန်က ဘင်လာဒင်ကို ရှာဖွေသုတ်သင်ခဲ့မှုမှာ ဆရာဝန်က အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

အမေရိကန်မြေပေါ်မှာ တုန်လှုပ်ခြောက်ခြားဖွယ် အကြမ်းဖက်တိုက်ခိုက်မှုကြီး လုပ်ဆောင်ခဲ့တဲ့ အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ရှာဖွေရာမှာ အမေရိကန်ထောက်လှမ်းရေးကို အကူအညီပေးခဲ့သူ ဆရာဝန်တစ်ဦးက ပါကစ္စတန်မှာ ၎င်းရဲ့ထောင်ဒဏ်ကို အယူခံဝင်ခဲ့ပါတယ်။

(အိုစမာဘင်လာဒင်) (Photo: Reuters)

ဒေါက်တာ ရှကီလ်အက်ဖ်ရီဒီရဲ့ အမှုကို ပါကစ္စတန်မှာ ယနေ့ (အောက်တိုဘာ ၉ ရက်) ပထမဆုံးအကြိမ် အများပြည်သူတက်ရောက်နိုင်တဲ့ တရားရုံးကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရှေ့နေတွေရဲ့ တောင်းဆိုမှုအရ ကြားနာစစ်ဆေးမှုကို အောက်တိုဘာ ၂၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားကြောင်းလည်း သိရပါတယ်။



အမေရိကန်က ဘင်လာဒင်ကို ရှာဖွေတွေ့ရှိပြီး သုတ်သင်ရှင်းလင်းခဲ့မှုမှာ ဒေါက်တာအက်ဖ်ရီဒီ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက ပါကစ္စတန်အတွက် ကြီးမားတဲ့ ကသိကအောက်ဖြစ်မှုလို့လည်း ဆိုနိုင်ပါတယ်။ ၎င်းကို ပါကစ္စတန်မှာ မျှတတဲ့ တရားရုံးကြားနာစစ်ဆေးမှု မပေးခဲ့ကြကြောင်း ဒေါက်တာအက်ဖ်ရီဒီက ပြောထားပါတယ်။

(ဒေါက်တာ ရှကီလ်အက်ဖ်ရီဒီ) (Photo: Getty Images)

၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အလိုအရှိဆုံးပုဂ္ဂိုလ် အယ်လ်ကေဒါခေါင်းဆောင် ဘင်လာဒင်ကို အမေရိကန်က ရှာဖွေသုတ်သင်ပြီးကတည်းက ဒေါက်တာအက်ဖ်ရီဒီကို ပါကစ္စတန်က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာအက်ဖ်ရီဒီကို ပါကစ္စတန်နိုင်ငံ ပက်ရှ်ဟာဝါ အထက်တရားရုံးက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ရာ အမေရိကန်က ဒေါသတကြီး တုံ့ပြန်မှုအဖြစ် ပါကစ္စတန်ကို ထောက်ပံ့နေမှုအား ထောင်ဒဏ်တစ်နှစ်အတွက် ဒေါ်လာတစ်သန်းနှုန်းဖြင့် ဒေါ်လာ ၃၃ သန်း လျှော့ချဖြတ်တောက်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတအဖြစ် ရွေးကောက်ခံရပါက ဒေါက်တာအက်ဖ်ရီဒီကို နှစ်မိနစ်အတွင်း လွတ်မြောက်လာစေမယ်လို့ ကတိပြုပြောကြားခဲ့ဖူးပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဘင်လာဒင်ကို ရှာဖွေတွေ့ရှိရန် အကူအညီပေးခဲ့သူ ဒေါက်တာအက်ဖ်ရီဒီကို အမေရိကန်မှာ သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်ထားကြပြီး ပါကစ္စတန်မှာတော့ ၎င်းကို သစ္စာဖောက်တစ်ဦးအဖြစ် အများအပြားက ရှုမြင်ကြပါတယ်။

(ဘင်လာဒင် ပုန်းအောင်းနေထိုင်ခဲ့သည့် နေအိမ်ခြံဝင်း) (Photo: Reuters)

နိုင်ငံအတွင်း အကြမ်းဖက်အုပ်စုခေါင်းဆောင် ဘင်လာဒင် ပုန်းအောင်းနေခဲ့မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးမူဝါဒကို တာဝန်ယူကိုင်တွယ်ဆောင်ရွက်တဲ့ ပါကစ္စတန်စစ်တပ်ကို မေးခွန်းထုတ်မှုတွေလည်း ထိုစဉ်က ထွက်ပေါ်ခဲ့ပါတယ်။ ဒေါက်တာအက်ဖ်ရီဒီဟာ Khyber မျိုးနွယ်စုဒေသမှာ ထင်ရှားတဲ့ ထိပ်တန်းဆရာဝန်တစ်ဦးဖြစ်ပြီး အမေရိကန်က ကူညီထောက်ပံ့မှုဖြင့် ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ် အများအပြားကို ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။

ပါကစ္စတန်အစိုးရ ဝန်ထမ်းတစ်ဦးအဖြစ်လည်း ဒေါက်တာအက်ဖ်ရီဒီက အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဘင်လာဒင် ပုန်းအောင်နေခဲ့ရာ အက်ဘ်ဘော့တာဘက်ဒ်မြို့ငယ် အပါအဝင် နေရာဒေသတွေမှာ ဆောင်ရွက်ခဲ့ပါတယ်။

(နေအိမ်ခြံဝင်းမှ ပစ္စည်းများကို သယ်ယူသွားစဉ်) (Photo: Reuters)

အမေရိကန် စီအိုင်အေက အက်ဘ်ဘော့တာဘတ်ဒ်ရှိ သံသယရှိရာ ခြံဝင်းထဲမှာနေထိုင်ကြတဲ့ ကလေးများအနက် တစ်ဦးထံမှ သွေးနမူနာကို ဒေါက်တာအက်ဖ်ရီဒီမှတစ်ဆင့် ရယူနိုင်ရန် စီစဉ်ခဲ့ပါတယ်။ ထိုသို့ သွေးနမူနာရရှိပြီးနောက် ၎င်းတို့ဟာ ဘင်လာဒင်ရဲ့ ဆွေမျိုးများဟုတ် မဟုတ် အတည်ပြုသိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာအက်ဖ်ရီဒီရဲ့ ဝန်ထမ်းတစ်ဦးက ဘင်လာဒင် ပုန်းအောင်းနေထိုင်ခဲ့ရာ ခြံဝင်းသို့သွားရောက်ခဲ့ပြီး သွေးနမူနာကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါ သွေးနမူနာက ဘင်လာဒင်ရှိတဲ့နေရာကို အမေရိကန်က အောင်မြင်စွာ ဖော်ထုတ်သိရှိစေနိုင်ခဲ့ခြင်းဟုတ် မဟုတ် အတိအကျ မသိနိုင်ပါဘူး။ ဒေါက်တာအက်ဖ်ရီဒီကို ဘင်လာဒင် အသတ်ခံရပြီးနောက် ရက် ၂၀ အကြာ ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်မှာ ပါကစ္စတန်က ဖမ်းဆီးခဲ့ပါတယ်။ ထိုစဉ်က ၎င်းရဲ့အသက်ဟာ ၄၀ ကျော် ၅၀ နီးပါးဖြစ်တယ်လို့ ယူဆရပါတယ်။

(မိသားစုဓာတ်ပုံမှာတွေ့ရသည့် ဒေါက်တာအက်ဖ်ရီဒီ - အကျႌအနက်လက်ရှည်ဖြင့်) (Photo: AFP/Getty Images)

ဒေါက်တာအက်ဖ်ရီဒီရဲ့ နောက်ခံအကြောင်းကို အနည်းအကျဉ်းသာ သိရှိထားကြတယ်လို့ ဆိုပါတယ်။ ၎င်းဟာ Khyber ဆေးဘက်ဆိုင်ရာကောလိပ်ကနေ ၁၉၉၀ ပြည့်နှစ်မှာ ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။ ဒေါက်တာအက်ဖ်ရီဒီရဲ့ ဇနီးဖြစ်သူက အက်ဘ်ဘော့တာဘတ်ဒ်မြို့ငယ်လေးမှ ပညာတတ်တစ်ဦးဖြစ်ပြီး အစိုးရကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။

၎င်းတို့မှာ သားနှစ်ဦးနဲ့ သမီးတစ်ဦးရှိပြီး လက်ရှိအချိန်မှာ အနည်းဆုံး နှစ်ဦးဟာ အရွယ်ရောက်နေကြပြီလို့ ဆိုပါတယ်။ ဒေါက်တာအက်ဖ်ရီဒီ ဖမ်းဆီးခံရပြီးနောက် ၎င်းရဲ့မိသားစုဟာ စစ်သွေးကြွတွေ တိုက်ခိုက်လာမှာကို စိုးရိမှုကြောင့် ပုန်းအောင်းနေထိုင်လျက်ရှိပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Carolyn Kaster/AP)

၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဒေါက်တာအက်ဖ်ရီဒီဟာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်း စီအိုင်အေအတွက် အလုပ်လုပ်ပေးခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့သော် စီအိုင်အေအတွက် ၎င်းပါဝင်ရတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဒေါက်တာအက်ဖ်ရီဒီဟာ မည်မျှအထိ သိရှိထားကြောင်းကိုတော့ အတိအကျ မသိနိုင်ပါဘူး။

ပါကစ္စတန်က စုံစမ်းစစ်ဆေးမှုတွေအရ ဒေါက်တာအက်ဖ်ရီဒီဟာ စီအိုင်အေက ၎င်းကို တာဝန်ပေးစေခိုင်းခဲ့ရာမှာ ပစ်မှတ်ဖြစ်သူဟာ မည်သူမှန်း မသိခဲ့ဘူးလို့ ဆိုပါတယ်။ အစောပိုင်းမှာ ပါကစ္စတန်အာဏာပိုင်တွေက ဒေါက်တာအက်ဖ်ရီဒီကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ပိတ်ပင်ထားတဲ့ Lashkar-e-Islam စစ်သွေးကြွအုပ်စုကို ငွေကြေးထောက်ပံ့မှုဖြင့် ၂၀၁၂ ခုနှစ် မေလအတွင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

(9/11 အကြမ်းဖက်တိုက်ခိုက်မှု မြင်ကွင်းတစ်ခု) (Photo: AP)

နောက်ပိုင်းမှာတော့ ဒေါက်တာအက်ဖ်ရီဒီရဲ့ ထောင်ဒဏ်ကို ၂၃ နှစ်သို့ လျှော့ချလိုက်ကြောင်း သိရပါတယ်။ Lashkar-e-Islam စစ်သွေးကြွအုပ်စုဟာ ယခုအခါမှာ ပျောက်ကွယ်သွားပြီလည်း ဖြစ်ပါတယ်။ ဒေါက်တာအက်ဖ်ရီဒီ လွတ်မြောက်ရန်အတွက် အမေရိကန်မှာ အကျဉ်းချထားတဲ့ အယ်လ်ကေဒါအဖွဲ့ဝင်တစ်ဦးနဲ့ အကျဉ်းသားလဲလှယ်နိုင်ဖွယ်ရှိကြောင်း ယမန်နှစ်အတွင်းက သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

Source: Telegraph, BBC

Share

Loading Next Article...
က္က