ဘန်ကောက်မြို့က လာရောက်လည်ပတ်သူအများဆုံး မြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းတစ်ခုအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ပါရီနဲ့လန်ဒန်မြို့တို့ထက်သာလွန်ပြီး လာရောက်လည်ပတ်သူ အများဆုံးမြို့အဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

(ဘန်ကောက်မြို့) (Photo: Reuters)

ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ MasterCard Inc. က ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ် ရပ်တည်မှုအဆင့် အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်မှာ ဘန်ကောက်မြို့သို့ ခရီးသွားဝင်ရောက်မှု ၂၂.၈ သန်းခန့်ရှိခဲ့ပြီး လာရောက်လည်ပတ်သူ အများဆုံးမြို့အဖြစ် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။



ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တို့ကတော့ လာရောက်လည်ပတ်သူအများဆုံး ကမ္ဘာ့မြို့ကြီးများစာရင်းမှာ အဆင့်နှစ်နဲ့ အဆင့်သုံးအဖြစ် အသီးသီး ရပ်တည်နေပါတယ်။ ပါရီနဲ့လန်ဒန်ကို လာရောက်လည်ပတ်သူ ၁၉.၁ သန်းခန့်စီရှိခဲ့ပြီး ၎င်းတို့နောက်မှာတော့ အာရပ်စော်ဘွားများပြည်ထောင်စုမှ ဒူဘိုင်းမြို့က လာရောက်လည်ပတ်သူ ၁၅.၉ သန်းဖြင့် စတုတ္တနေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။

(ပါရီမြို့) (Photo: AFP/Getty Images)

MasterCard က ထုတ်ပြန်လိုက်တဲ့ ယခုစာရင်းမှာ အခြား အရှေ့တောင်အာရှ မြို့တွေဖြစ်တဲ့ စင်ကာပူနဲ့ကွာလာလမ်ပူတို့ကလည်း အဆင့်လေးနဲ့ အဆင့်ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ နယူးယော့ခ်၊ အစ္စတန်ဘူလ်၊ တိုကျိုနဲ့ အန်တဲလ်ယာမြို့တို့ဟာလည်း လာရောက်လည်ပတ်သူအများဆုံး ထိပ်တန်း ၁၀ မြို့စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း မြို့ပေါင်း ၂၀၀ မှာ လာရောက်လည်ပတ်သူတွေနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်မှုများအပေါ် အခြေခံပြီး ယခု ရပ်တည်မှုစာရင်းကို ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြို့ပေါင်း ၂၀၀ ကို နိုင်ငံတကာမှ လာရောက်လည်ပတ်သူ အရေအတွက် ၇၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းလည်း MasterCard အစီရင်ခံစာက ဖော်ပြပါတယ်။

(လန်ဒန်မြို့) (Photo: Getty Images)

ဘန်ကောက်မြို့ဟာ လေးနှစ်ဆက်တိုက် လာရောက်လည်ပတ်သူအများဆုံး မြို့အဖြစ် ရပ်တည်နေခဲ့ပေမဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ အခက်အခဲ ရင်ဆိုင်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုနှစ် မေလအတွင်း ခရီးသွားဝင်ရောက်မှုဟာ ယမန်နှစ်ကထက် ၁.၀၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ဇွန်လမှာတော့ ဝ.၈၉ ရာခိုင်နှုန်း ပြန်လည်တိုးမြင့်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေးကဏ္ဍရဲ့ ၁၂ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းလည်း ဖြစ်ပါတယ်။ တရုတ်စီးပွားရေးဖွံ့ဖြိုးမှု ယခင်ထက် အားနည်းသွားမှုနဲ့ ယမန်နှစ်အတွင်း သင်္ဘောမတော်တမှုတို့ကြောင့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်ကာလမှာ တရုတ်ခရီးသွားများ ထိုင်းနိုင်ငံကိုလာရောက်မှု လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် တရုတ်ခရီးသွား လျောနည်းသွားမှုကို အိန္ဒိယခရီးသွားများ ဝင်ရောက်လာမှုဖြင့် ပြန်ကာမိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

(ဒူဘိုင်းမြို့) (Photo: AFP/Getty Images)

ယခုနှစ်မှာ ထိုင်းနိုင်ငံကို အိန္ဒိယခရီးသွားအရေအတွက် ၂ သန်း လာရောက်မယ်လို့ ခန့်မှန်းထားကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အကြီးအကဲ Yuthasak Supasorn က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ သြဂုတ်လအတွင်း ထိုင်းအစိုးရက တရုတ်နဲ့အိန္ဒိယ အပါအဝင် နိုင်ငံ ၁၈ ခုမှ ခရီးသည်တွေအတွက် ဗီဇာကြေး ထိုင်းဘတ်ငွေ ၂,၀၀၀ (မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင်) ကင်းလွတ်ခွင့် အချိန်ကာလကို တိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

(ဘန်ကောက်မြို့မှ တုတ်တုတ် သုံးဘီးအငှားယာဉ်များ) (Photo: AP)

၂၀၁၈ ခုနှစ်အတွင်း လာရောက်လည်ပတ်သူအများဆုံး ကမ္ဘာ့မြို့ကြီး ၁၀ မြို့နဲ့ လာရောက်လည်ပတ်သူ အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဘန်ကောက် (ထိုင်းနိုင်ငံ) - ၂၂.၈ သန်း
  • ပါရီ (ပြင်သစ်) - ၁၉.၁ သန်း
  • လန်ဒန် (ဗြိတိန်) - ၁၉.၁ သန်း
  • ဒူဘိုင်း (ယူအေအီး) - ၁၅.၉ သန်း
  • စင်ကာပူ (စင်ကာပူ) - ၁၄.၇ သန်း
  • ကွာလာလမ်ပူ (မလေးရှား) - ၁၃.၈ သန်း
  • နယူးယော့ခ် (အမေရိကန်) - ၁၃.၆ သန်း
  • အစ္စတန်ဘူလ် (တူရကီ) - ၁၃.၄ သန်း
  • တိုကျို (ဂျပန်) - ၁၂.၉ သန်း
  • အန်တဲလ်ယာ (တူရကီ) - ၁၂.၄ သန်း



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က