ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီထံမှ လာဘ်ငွေများရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
Ko John

ပီရူးသမ္မတဟောင်း အလန်ဂါစီယာက လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များဖြင့် ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးရန် နေအိမ်သို့ရောက်လာခဲ့စဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သိရပါတယ်။

(ဂါစီယာကို အရေးပေါ်ခွဲစိတ်ကုသခဲ့သည့် ဆေးရုံ) (Photo: Reuters)

ဧပြီ ၁၇ ရက်မှာ ပီရူးရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီးရန် နေအိမ်သို့ရောက်လာစဉ် သမ္မတဟောင်းဂါစီယာက ဦးခေါင်းကို သေနတ်ဖြင့်ပစ်ပြီး သေကြောင်းကြံစည်ခဲ့ပါတယ်။ ဂါစီယာဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ခြင်းမရှိသေးဘဲ ၎င်းကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်နိုင်ခဲ့သေးပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ဂါစီယာ သေဆုံးကြောင်းကို ပီရူးသမ္မတ မာတင်ဗစ်ကာရာက အတည်ပြုခဲ့ပါတယ်။ သမ္မတဟောင်းဂါစီယာရဲ့ သတင်းကိုကြားရပြီးနောက် ၎င်းအား ထောက်ခံသူတွေက ပီရူးမြို့တော် Lima မြို့ရှိ ဆေးရုံအပြင်ဘက်မှာ စုရုံးရောက်ရှိလာခဲ့ကြရာ ရဲတပ်ဖွဲ့က တားမြစ်လိုင်း သတ်မှတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။


(ပီရူးသမ္မတဟောင်း အလန်ဂါစီယာ) (Photo: Reuters)

ပီရူးနိုင်ငံ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့တဲ့ ဂါစီယာဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ Odebrecht ထံမှ လာဘ်ငွေများရယူခဲ့ကြောင်း စွပ်စွဲခံထားရပြီး ၎င်းကတော့ ငြင်းဆိုခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီက ဘရာဇီးမှာ ၂၀၁၆ အိုလံပစ်အားကစားပြိုင်ပွဲနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နေရာများအပါအဝင် ကမ္ဘာတစ်ဝှမ်း အဓိက အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ Odebrecht ကုမ္ပဏီက ၂၀၀၄ ခုနှစ်အတွင်း ပီရူးနိုင်ငံမှာ လာဘ်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ပေးခဲ့ကြောင်း ဝန်ခံထားတယ်လို့ BBC သတင်းက ပြောပါတယ်။

(ဂါစီယာ သေဆုံးကြောင်း ကြေညာပြီးနောက် ဆေးရုံသို့ရောက်လာသည့် အသုဘယာဉ်) (Photo: Reuters)

ဂါစီယာဟာ ၁၉၈၅ မှ ၁၉၉၀ ခုနှစ်အထိနဲ့ ၂၀၀၆ မှ ၂၀၁၁ ခုနှစ်အထိ ပီရူးသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် အာဏာရခဲ့သူလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သမ္မတဟောင်းဂါစီယာကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးရန်အတွက် Lima မြို့ Miraflores အရပ်ရှိ ၎င်းရဲ့နေအိမ်သို့ ရောက်ရှိလာခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်မှာ ဂါစီယာက ဖုန်းဆက်ခွင့်တောင်းခဲ့ပြီနောက် အခန်းတစ်ခန်းထဲကို ဝင်သွားခဲ့ပြီး တံခါးပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

(သမ္မတဟောင်းဂါစီယာကို ထောက်ခံသူများ) (Photo: Getti Images)

မိနစ်ပိုင်းကြာပြီးနောက် အဆိုပါအခန်းထဲမှာ သေနတ်ပစ်သံကြားခဲ့ရပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က အခန်းတံခါးကို အင်အားသုံးဖွင့်ပြီး ဝင်ရောက်စစ်ဆေးခဲ့ရာ သမ္မတဟောင်းဂါစီယာကို ထိုင်ခုံတစ်လုံးပေါ်မှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီး ကားလို့စ်မိုရန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သမ္မတဟောင်းဂါစီယာရဲ့ နေအိမ်မှာ စစ်တပ်က လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ သေနတ်လေးလက် သို့မဟုတ် ငါးလက်ရှိပြီး ထိုသေနတ်များထက်မှ တစ်လက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပစ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဦးခေါင်းမှာ သေနတ်ဒဏ်ရာရခဲ့တဲ့ သမ္မတဟောင်းဂါစီယာကို Lima မြို့ရှိ Casimiro Ulloa ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး ဇူလီမာတိုမတ်စ်ရဲ့ အဆိုအရ ဂါစီယာဟာ သေနတ်ဒဏ်ရာကြောင့် မသေဆုံးမီ သုံးကြိမ် သတိပြန်လည်လာခဲ့သေးကြောင်း သိရပါတယ်။


ပီရူးသမ္မတဟောင်း အလန်ဂါစီယာ

  • ၁၉၄၉ ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့ပါတယ်
  • ေဥပေဒနဲ့ လူမှုဗေဒ ဘာသာရပ်တွေကို လေ့လာသင်ကြားခဲ့ပါတယ်
  • Aprista Party of Peru (APRA) ပါတီရဲ့ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်
  • ၁၉၈၅ ခုနှစ်မှာ အသက် ၃၆ နှစ်အရွယ်ဖြင့် ပီရူးနိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်လာခဲ့ပါတယ်
  • အဟောအပြောကောင်းသူဖြစ်ပြီး အချို့က လက်တင်အမေရိကရဲ့ ဂျွန်အက်ဖ်ကနေဒီအဖြစ် ညွှန်းဆိုကြပါတယ်
  • ၁၉၈၅ မှ ၁၉၉၀ ခုနှစ်အထိနဲ့ ၂၀၀၆ မှ ၂၀၁၁ ခုနှစ်အထိ သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပါတယ်

ဆက်စပ်အကြောင်းအရာများ


က္က