စာသင်ကျောင်းတွေကို နိုဝင်ဘာ ၅ ရက်အထိ ပိတ်ထားရမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေ သုံးရက်ဆက်တိုက်ဖြစ်နေခဲ့ရာ စာသင်ကျောင်းတွေကို လာမယ့် နိုဝင်ဘာ ၅ ရက်အထိ ပိတ်ထားမယ်လို့ ဒေလီအစိုးရအဖွဲ့က ယနေ့ (နိုဝင်ဘာ ၁ ရက်) ပြောပါတယ်။

(Photo: PTI)

နယူးဒေလီ အနီးပတ်ဝန်းကျင် ပြည်နယ်တွေမှာ တောင်ယာစိုက်ခင်း မီးရှို့မှုတွေမှထွက်လာတဲ့ မီးခိုးအများအပြား မြို့တော်အတွင်းသို့ ပျံ့နှံ့ရောက်ရှိလာခဲ့တယ်လို့ ဒေလီဝန်ကြီးချုပ် Arvind Keriwal က ၎င်းရဲ့ Twitter မှာ ဟင်ဒီဘာသာဖြင့် ရေးသားထားပါတယ်။ ဒေလီရဲ့ လေထုညစ်ညမ်းမှုဟာ အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ကြောင်း ယမန်နေ့မှာ ကြေညာခဲ့တယ်လို့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ထံမှ စာတစ်စောင်ကို ကိုးကားပြီး ANI သတင်းဌာနက ပြောပါတယ်။



(Photo: Reuters)

"လေထုညစ်ညမ်းမှုက အခုအချိန်မှာ အန္တရာယ်ရှိတဲ့အဆင့်ရောက်နေပြီး အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်၊ အထူးသဖြင့် ကလေးငယ်တွေအားလုံးကို ကျန်းမာရေးဆိုကျိုး ဖြစ်စေနိုင်ပါလိမ့်မယ်" ANI သတင်းက ကိုးကားဖော်ပြထားပါတယ်။ အစိုးရရဲ့ လေထုညစ်ညမ်းမှု စောင့်ကြည့်တိုင်းတာမှုစနစ်အရ နယူးဒေလီမြို့တော် နေရာအချို့မှာ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ ၅၀၀ အထိ ရောက်ရှိနေပြီး လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ရဲ့ မှတ်တမ်းအရ အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: @ArvindKejriwal/Twitter)

လေထုညစ်ညမ်းမှု အညွှန်းကိန်း ၄၀၀ အထက်ဟာ လူတွေရဲ့ အဆုတ်ကို ထိခိုက်နိုင်တဲ့အခြေအနေဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ လေထုညစ်ညမ်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဏာပိုင်တွေက နယူးဒေလီမြို့တော်မှာ ကိုယ်ပိုင်ကားများ အသုံးပြုမှုကို လာမယ့် သီတင်းပတ်မှစပြီး ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေဖြစ်နေတဲ့ နယူးဒေလီရှိ စာသင်ကျောင်းတွေမှာ ကလေးငါးသန်းကို မျက်နှာဖုံးများ ဖြန့်ဖြူးပေးနေကြောင်းလည်း CNN သတင်းမှာ ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က