အရှေတောင်အာရှတစ်ဝန်းမှာလည်း လေထုညစ်ညမ်းမှုဟာ သိသိသာသာ စိုးရိမ်စရာဖြစ်နေခဲ့ပါတယ်။
Ko John

လေထုညစ်ညမ်းမှုက အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် လူ့သက်တမ်းကို နှစ်နှစ်နီးပါး တိုစေနိုင်ကြောင်း ဇူလိုင် ၂၈ ရက်‌နေ့ကမှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ သိရှိရပါတယ်။

(Photo: AFP)

လေထုအရည်အသွေး မကောင်းမွန်ခြင်းက လူ့ကျန်းမာရေးကို အကြီးဆုံးအန္တရာယ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောခဲ့ကြပါတယ်။ လတ်တလော ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန် ကာကွယ်ဆေးတစ်ခုကို အပြိုင်အဆိုင် ကြိုးပမ်းထုတ်လုပ်နေစဥ် လေထုညစ်ညမ်းမှုက ကမ္ဘာတစ်ဝန်း ဘီလီယံနဲ့ချီတဲ့ လူတွေကို ပိုမိုနာမကျန်းဖြစ်စေပြီး သက်တမ်းပိုတိုနိုင်မှု ဆက်လက် ဖြစ်စေမယ်လို့ Air Quality Life Index (AQLI) က ဆိုပါတယ်။

အဓိကအားဖြင့် ရုပ်ကြွင်းလောင်စာတွေကို မီးရှိုးရာမှ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုက လူ့ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ တစ်ချိန်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံက လေထုညစ်ညမ်းမှုဖြစ်စေတဲ့ လုပ်ဆောင်မှုတွေကို သိသာစွာ လျှော့ချခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာ ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့်က မပြောင်းလဲဘဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Anushree/Reuters)

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု အလွန်ဆိုးခဲ့ပြီး ယခုအခါ နေရာဒေသအချို့မှာ ပျမ်းမျှသက်တမ်း ဆယ်စုနှစ်တစ်ခုနီးပါး တိုစေခဲ့ကြောင်း သိရပါတယ်။ လူအများအပြား ရှူရှိက်နေကြတဲ့ လေထုအရည်အသွေးဟာ COVID-19 ထက် အန္တရာယ်ပိုမြင့်မားတယ်လို့ သုတေသနပြုလုပ်ခဲ့သူတွေက ဆိုပါတယ်။

COVID-19 ခြိမ်းခြောက်မှုကို စိုးရိမ်တကြီး အာရုံစိုက်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းတိုက်ဖျက်နေသလို လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး အလားတူ အားစိုက်လုပ်ဆောင်ခြင်းက ဘီလီယံနဲချီတဲ့ လူဦးရေအတွက် ပိုမိုအသက်ရှည် ကျန်းမာတဲ့ဘဝတွေ ဖြစ်စေမယ်လို့ AQLI ဖန်တီးသူ မိုက်ကယ်ဂရင်စတုန်းက ပြောခဲ့ပါတယ်။

(Photo: Narinder Nanu/AFP)

ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံဟာ လေထုအညစ်ညမ်းဆုံးတွေထဲမှာ ပါဝင်နေတဲ့ တောင်အာရှမှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံလေးခုမှာသာ နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကထက် ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ လေထုညစ်ညမ်းမှု အခြေအနေမှာ နေထိုင်ကြရပြီးနောက် လေထုညစ်ညမ်းမှုက လူ့သက်တမ်းကို ပျမ်းမျှအားဖြင့် ငါးနှစ်တိုစေမယ်လို့ AQLI က ဆိုပါတယ်။

AQLI ရဲ့ ပြောကြားမှုအရ အရှေတောင်အာရှတစ်ဝန်းမှာလည်း လေထုညစ်ညမ်းမှုဟာ သိသိသာသာ စိုးရိမ်စရာဖြစ်နေခဲ့ပြီး ထိုဒေသအတွင်း သစ်တောနဲ့ ကောက်ပဲသီးနှံစိုက်ခင်းများ မီးရှိုးမှုတွေ၊ ယာဥ်သွားလာမှုနဲ့ စက်ရုံတွေမှ အခိုးအငွေ့တွေကြောင့် အဆိပ်သင့်လေထု အခြေအနေဖြစ်စေကြောင်း သိရပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေ သန်း ၆၅၀ မှ ၈၉ ရာခိုင်နှုန်းခန့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထောက်ခံလမ်းညွှန်ထားမှုတွေထက် ပိုမိုကျော်လွန်နေတဲ့ လေထုညစ်ညမ်းမှု နေရာတွေမှာ နေထိုင်ကြလျက်ရှိပါတယ်။ ထိုအတောအတွင်း အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့မှာတော့ လေထုအရေအသွေး တိုးတက်ကောင်းမွန်လာခဲ့ကြောင်း သိရပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ လေထုညစ်ညမ်းမှုက လူ့သက်တမ်းကို ပျမ်းမျှအားဖြင့် နှစ်နှစ်ပိုတိုစေတယ်လို့ AQLI က ပြောခဲ့ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဟာ လေထုအရည်အသွေး အဆိုးဆုံး နိုင်ငံဖြစ်ကြောင်း တွေ့ရပြီး လေထုညစ်ညမ်းမှုကို မထိန်းချုပ်ပါက အိန္ဒိယမြောက်ပိုင်း ပြည်နယ်များရှိ ဒေသခံ သန်း ၂၅၀ ဟာ ပျမ်းမျှအားဖြင့် သက်တမ်း ၈ နှစ် ပိုတိုလိမ့်မယ်လို့ ဆိုပါတယ်။

(Photo: NDTV)

လေထုညစ်ညမ်းမှုဟာ COVID-19 ရောဂါအန္တရာယ်နဲ့ ပတ်သက်ပြီးလည်း အဓိကကျတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း လေ့လာမှုတွေက ဖော်ပြခဲ့ကြပါတယ်။ အစိုးရတွေအနေနဲ့ COVID-19 ကပ်ရောဂါပြီးနောက် လေထုညစ်ညမ်းမှုကို ဦးစားပေးကိစ္စအဖြစ် ကိုင်တွယ်ဆောင်ရွက်ရန် Greenstone အဖွဲ့က တိုက်တွန်းထားပါတယ်။

"လေထုညစ်ညမ်းမှု လျော့ပါးသွားအောင် လက်မောင်းမှာ ကာကွယ်ဆေးထိုးလို့ မရပါဘူး၊ ဖြေရှင်းနည်းက အားသွန်ခွန်စိုက်ရှိတဲ့ အများပြည်သူဆိုင်ရာ မူဝါဒပေါ်မှာ တည်ရှိနေပါတယ်" လို့ ချီကာဂိုတက္ကသိုလ် Energy Policy Institute မှ မိုက်ကယ်ဂရင်စတုန်းက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က