လိုက်ချီးသီးမှာတွေ့ရတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

လိုက်ချီးသီးမှာတွေ့ရတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းနဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်ရောဂါကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကလေးငယ် ၃၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်) မှာ ပြောပါတယ်။

(Photo: AFP)

ဘီဟာပြည်နယ် Muzaffarpur ဒေသရှိ ဆေးရုံနှစ်ရုံမှာ သေဆုံးမှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ Muzaffarpur ဒေသဟာ လိုက်ချီးသီး စိုက်ပျိုးထွက်ရှိမှုကြောင့် လူသိများထင်ရှားပါတယ်။ သေဆုံးခဲ့တဲ့ ကလေးငယ်အားလုံးဟာ Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်နဲ့ အာရုံကြော ရောဂါလက္ခဏာတွေ ဖြစ်ခဲ့ကြတယ်လို့ ကျန်းမာရေးဌာနမှ အကြီးတန်းအရာရှိ အရွှတ်ကူးမားဆင်းက AFP သတင်းဌာနကို ပြောပါတယ်။



ကလေးအများစုဟာ ၎င်းတို့ရဲ့သွေးအတွင်း ရုတ်တရက် ဂလူးကို့စ် (glucose) ဆုံးရှုံးမှု ခံစားခဲ့ကြရကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ အလားတူ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေတဲ့ ကလေးငယ် ၄၀ ဦးထက်မနည်းကို အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသပေးနေရပါတယ်။

(Photo: AFP)

"သူတို့အသက်ကို ကယ်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်" လို့ Sri Krishna Medical College and Hospital မှ S P Singh က ပြောပါတယ်။ ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုဟာ နှစ်စဉ် နွေရာသီကာလအတွင်း Muzzaffarpur နဲ့ အနီးအနားရှိ ဒေသတွေမှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လိုက်ချီးသီးရာသီနဲ့ တိုက်ဆိုင်နေတတ်ကြောင်းလည်း သိရပါတယ်။

ဒေသခံတွေက Chamki Bukhar လို့ သိထားကြတဲ့ ဦးနှောက်ရောဂါကြောင့် အိန္ဒိယမှာ၂၀၁၄ ခုနှစ်က သေဆုံးသူ ၁၅၀ အထိ စံချိန်တင် များပြားခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် သုတေသနပညာရှင်တွေက အဆိုပါ ဦးနှောက်ရောဂါဟာ လိုက်ချီးသီးမှာတွေ့ရတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းတစ်ခုနဲ့ ဆက်နွယ်နေကြောင်း ပြောခဲ့ပါတယ်။

(Photo: AFP)

ယခုရောဂါဇစ်မြစ်ကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်ကြောင်းလည်း ၎င်းတို့ကဆိုပါတယ်။ လိုက်ချီးသီးနဲ့ဆက်နွယ်တဲ့ ဦးနှောက်ရောဂါဖြစ်ပွားသူ သုံးပုံတစ်ပုံကျော်ဟာ သေဆုံးကြကြောင်း သိရပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရှိ လိုက်ချီးသီး စိုက်ပျိုးတဲ့ဒေသများမှာလည်း တွေ့ရလေ့ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က