တောင်ကိုရီးယားက မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာရွက်တွေ ပေးပို့နေခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အဆက်အသွယ်အားလုံးကို အပြည့်အဝ ရပ်ဆိုင်းမယ့် ပထမအဆင့်အဖြစ် ကိုရီးယားနှစ်နိုင်ငံကြား တိုက်ရိုက်ဆက်သွယ်ရေး ဖုန်းလိုင်းများ ဖြတ်တောက်သွားမှာဖြစ်ကြောင်း အစိုးရသတင်းဌာန KCNA က ယနေ့ (ဇွန် ၉ ရက်) ပြောပါတယ်။

(ကင်မ်ဂျုံအန်နှင့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ) (Photo: Korea Times)

တောင်ကိုရီးယားက ၎င်းတို့ ပိုင်နက်အတွင်းသို့ လက်ကမ်းစာရွက်များနဲ့ အခြား အရာများ ပေးပို့နေခြင်းကို မရပ်ဆိုင်းပါက နှစ်နိုင်ငံ ဆက်ဆံရေးရုံးနဲ့ အခြား စီမံကိန်းတွေကို ပိတ်သိမ်းရပ်ဆိုင်းမယ်လို့ မြောက်ကိုရီးယားက ရက်အတန်ကြာ ခြိမ်းခြောက်နေခဲ့တာ ဖြစ်ပါတယ်။



တောင်ကိုရီးယားက မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာရွက်နဲ့ အခြား အရာတွေကို မြောက်ကိုရီးယားဘက်သို့ ပေးပို့နေခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံ ကိုယ်တိုင်ကလည်း မြောက်ကိုရီးယားဘက်သို့ လက်ကမ်းစာရွက်များ ပေးပို့လွှတ်နေခြင်းကို ရပ်ဆိုင်းရန် တောင်ကိုရီးယားကို သတိပေးခဲ့ကြောင်း သိရပါတယ်။

(ဘက်ပြောင်းခိုလှုံသူတွေကို မြောက်ကိုရီးယားမှာ ဆန္ဒပြစဥ်) (Photo: AFP)

ကင်မ်ယိုဂျုံနဲ့ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ကင်မ်ယောင်ချိုလ် အပါအဝင် မြောက်ကိုရီးယားအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေက တောင်ကိုရီးယားကို ဦးတည်တဲ့ လုပ်ဆောင်မှုဟာ ရန်သူကို ရင်ဆိုင်မှုဖြစ်သင့်ကြောင်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုပါတယ်။ ပထမအဆင့်အဖြစ် ယနေ့ မွန်းလွဲပိုင်းမှာ မြောက်ကိုရီးယားက နှစ်နိုင်ငံ ဆက်ဆံရေးရုံးရှိ ဖုန်းလိုင်းများ၊ စစ်တပ်နှစ်ခုကြား တိုက်ရိုက်ဖုန်းလိုင်းနဲ့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ဖုန်းလိုင်းများကို ဖြတ်တောက်သွားမယ်လို့ သိရပါတယ်။

(ကင်မ်ဂျုံအန်ကို ရှုတ်ချထားသည့် လက်ကမ်းစာရွက်တစ်ခု) (Photo: Kim Hong-Ji/Reuters)

ယခု တရားဝင် ထုတ်ပြန်ကြေညာချက်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုလျော့ကျနေခဲ့တဲ့ အခြေအနေကို နောက်ကြောင်းပြန်လှည့်သွားခြင်းအဖြစ် ယူဆရပါတယ်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ထက် စစ်ရပ်ဆိုင်းမှုဖြင့်သာ ပြီးဆုံးခဲ့ရာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ သတ်မှတ်ချက်အရ လက်ရှိအချိန်အထိ စစ်ပွဲအတွင်း ရှိနေဆဲဖြစ်ပါတယ်။

Source: BBC, Reuters 

Share

Loading Next Article...
က္က