ငလျင်ကြောင့် အဆောက်အအုံ ၁,၀၆၆ ခု ပြိုကျခဲ့တယ်။

အိမ်နီးချင်း အီရန်နိုင်ငံမှာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုအတွင်း တူရကီနိုင်ငံအရှေ့ပိုင်းဒေသမှာ ကလေးသုံးဦး အပါအဝင် လူကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်များ ပြိုကျခဲ့ပြီး လူ ၃၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ငလျင်ဟာ အီရန်နယ်စပ် Habash-e Olya ကျေးရွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ရာ တူရကီနိုင်ငံ ဗန်ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ သက်ရောက် ဖြစ်ခဲ့ပါတယ်။



ငလျင်ကြောင့် အီရန်နိုင်ငံ အနောက်အဇာဘိုင်ဂျန်ပြည်နယ်ရှိ ကျေးရွာ ၄၃ ရွာမှာ နေအိမ်များပျက်စီးခဲ့ပြီး လူ ၇၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ဟာ ယနေ့ အီရန်စံတော်ချိန် မနက် ၉ နာရီ ၂၃ မိနစ်က မြေအောက်အနက် ၃.၇ မိုင်မှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soyl ရဲ့ ပြောကြားမှုအရ ငလျင်ကြောင့် အဆောက်အအုံ ၁,၀၆၆ ခု ပြိုကျခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ပြီးခဲ့တဲ့လအတွင်းကလည်း တူရကီနိုင်ငံ ဗန်ပြည်နယ်မှာ နှင်းထုပြိုကျမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းများ အပါအဝင် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ထိုလအတွင်းမှာပင် တူရကီနိုင်ငံ Elazig နဲ့ Malatya ပြည်နယ်တွေမှာ ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

တူရကီနဲ့ အီရန် နယ်မြေဒေသတွေဟာ ငလျင်လှုပ်မှုတွေ ကြုံတွေ့ရလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က တူရကီအနောက်ပိုင်း အစ်ဇ်မစ်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၇,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အီရန်မှာ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ငလျင်ကတော့ ၁၉၉၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်ပြီး လူ ၄၀,၀၀၀ သေဆုံးပြီး လူဦးရေငါးသိန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က