အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ အင်အားပြင်းထန်တဲ့ နောက်ထပ် ငလျင်တစ်ခု ယနေ့ (သြဂုတ် ၉ ရက်) လှုပ်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

pemenang-village-lombok-earthquake-aftermath.jpg

သြဂုတ် ၅ ရက် ငလျင်ကြီးကြောင့် ပျက်စီးမှုမြင်ကွင်းတစ်ခု (Photo: Saifulbahri Ismail/Twitter)

ယနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရစ်(ခ်)တာစကေး ၆.၂ အဆင့်ဖြစ်တယ်လို့ အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာ ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။United States Geological Survey (USGS) ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်(ခ်)တာစကေး ၅.၉ အဖြစ် ဖော်ပြခဲ့ပြီး လွမ်ဘော့ကျွန်း အနောက်မြောက်ဘက် မြေအောက်အနက် ၆.၂ မိုင်မှာ လှုပ်ခတ်ခဲ့တယ်လို့ ပြောထားပါတယ်။



လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ညပိုင်း လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃၁၉ ဦးအထိရှိလာပြီး ဆက်လက် မြင့်တက်လာနိုင်သေးကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နူဂရိုဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန်ရာမှာ ပြောခဲ့ပါတယ်။

ငလျင်ကြောင့် လွမ်ဘော့ကျွန်းမှာ ပျက်စီးခဲ့မှု (Photo: AFP)

ငလျင်ကြောင့် သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ရာမှာ အစိုးရဌာနများကြား ကွဲလွဲမှုတွေလည်းရှိနေခဲ့ပါတယ်။ လုံခြုံရေးဝန်ကြီးက ငလျင်ကြောင့် လူ ၃၁၉ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ ပြောထားခဲ့ပြီး အစိုးရတာဝန်ရှိသူအချို့ကို ကိုးကားပြီး ဒေသခံ မီဒီတွေက ဖော်ပြမှုအရ သေဆုံးသူ ၃၄၇ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။အဆိုပါကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီးလှုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ငလျင်ကြီးကြောင့် လူ ၁,၄၀၀ ကျော် ဒဏ်ရာရခဲ့ပြး လူဦးရေ ၂၇၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

လူဦးရေ ၃.၁ သန်းခန့်ရှိတဲ့ လွမ်ဘော့ကျွန်းမှာ ယခု ငလျင်များမတိုင်မီ ဇူလိုင် ၂၉ ရက် အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ငလျင်အပျက်အစီးများထဲမှာ အမျိုးသမီး တစ်ဦးကို ကယ်တင်နိုင်ခဲ့စဉ် (Photo: Reuters)

ငလျင်များလှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အခြေခံ အစားအသောက်၊ အသုံးအဆောင်များ ပိုမိုလိုအပ်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။လွမ်ဘော့ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့နေရာတစ်ခုဖြစ်ပြီး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ငလျင်ကြောင့် ဘာလီကျွန်းမှာလည်း အဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၃၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်းနဲ့ ယနေ့လှုပ်ခဲ့တဲ့ ငလျင်ဟာ အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။

[No available link text]

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

 

Share

Loading Next Article...
က္က