စတုရန်း‌ပေ ၅၃,၀၀၀ ကျော်ရှိတဲ့ ခြံဝင်းထဲမှာ ခွေးတွေ ထောင်နဲ့ချီတဲ့ ခွေးတွေကို ကယ်တင်စောင့်ရှောက်ထားပါတယ်။
Ko John

ဆူစန်နာ ဆိုမာလီ ခွေးစောင့်ရှောက်ရေးဂေဟာကို ရောက်ရှိလာပြီး ဂိတ်တံခါးဖွင့်လိုက်တာနဲ့ ခွေးတွေက သူမထံကို ပြေးလာကြပြီး သူတိုရဲ့အမြီးများနှံ့ကာ ဟောင်သံပေးနေကြပါတယ်။

လိုအပ်နေတဲ့ တိရိစ္ဆာန်တွေကို ကူညီနေတာ ကျွန်မ ဘယ်တော့မှ မရပ်ပါဘူး၊ ဒါက ကျွန်မရဲ့ အလုပ်ပါပဲ

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အကြီးဆုံး တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ Pejaten Animal Shelter ကို တည်ထောင်သူ ဆူစန်နာရဲ့ လက်တွေနဲ့ပါးတွေကို ခွေးတွေက ဝိုင်းနမ်းကြ၊ လျှာဖြင့်လျက်ကြရာ သူမကလည်း တစ်ကောင်ချင်းစီကို တယုတယပွတ်သပ်လို့နေပါတယ်။ စတုရန်း‌ပေ ၅၃,၀၀၀ ကျော် (စတုရန်းမီတာ ၅,၀၀၀) ရှိတဲ့ ခြံဝင်းထဲမှာ ဆူစန်နာက လိုက်လံစစ်ဆေးကြည့်ရှုချိန်မှာလည်း နောက်ထပ် ခွေးတွေ ထပ်ထွက်လာခဲ့ကြာပါတယ်။

ခွေးတစ်ကောင်ဆိုရင် သူမရဲ့ ကျောပေါ်ကိုခုန်တက်ပြီး လျှာဖြင့်လျက်ခဲ့ပါသေးတယ်။ ဆူစန်နာရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာက တောင်ပိုင်းဂျကာတာမြို့ရဲ့ လူချမ်းသာရပ်ကွက်ရှိ လမ်းမပေါ်မှာ တည်ရှိပါတယ်။ ထိုခြံကျယ်ကြီးထဲမှ နေရာလွတ်တွေမှာ၊ ချုံပုတ်တွေနောက်မှာနဲ့ လူသွားလမ်းတစ်လျှောက်မှာတော့ များပြားလှတဲ့ ခွေးတွေက ဆော့ကစားလို့နေကြပါတယ်။

ခွေးအချို့ကတော့ ကြမ်းပြင်တွေပေါ်မှာ လှဲလျောင်းနေသလို့ အခြားခွေးတွေက မီးဖိုချောင်နဲ့ ဝန်ထမ်းတွေရဲ့ အခန်းတွင်း ဆိုဖာခုံ၊ ခုံတန်းရှည်နဲ့ စားပွဲများပေါ်မှာ နေရာယူထားကြပြန်ပါတယ်။ ထိုခွေးများစွာကို စောင့်ရှောက်ထားတဲ့ ယခုဂေဟာကို ၂၀၀၉ ခုနှစ်မှာ ဆူစန်နာက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကယ်တင်စောင့်ရှောက်ထားတဲ့ ခွေးအကောင်ရေကို အတိအကျ သိရှိနိုင်ရန်ပင် ဆူစန်နာအတွက် ခက်ခဲလို့ နေပါတယ်။

"တစ်ထောင်ကျော်မယ်၊ ၁,၂၀၀ နဲ့ ၁,၄၀၀ ကြား ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သေချာတာက တစ်ထောင်တော့ကျော်တယ်" လို့ ဆူစန်နာက CNA သတင်းဌာနကို ပြောပါတယ်။ ဆူစန်နာက ခွေးစောင့်ရှောက်ရေးဂေဟာကို စတင်တည်ထောင်ခဲ့ကတည်းက ရောက်လာသမျှ ခွေးတွေကို လက်ခံထားရှိခဲ့တာကြောင့်လည်း ခွေးအကောင်ရေက ဆက်လက် မြင့်တက်နေခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆူစန်နာရဲ့ စောင့်ရှောက်ရေးဂေဟာမှာ နောက်ထပ် အသစ်ရောက်လာတဲ့ ခွေးအကောင်ရေ အလွန်များပြားလာခဲ့ပါတယ်။

"လူအများအပြားက အလုပ်လက်မဲ့ ဖြစ်ကြပြီး သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ကျွေးမွေးပြုစုဖို့ မတတ်နိုင်ကြတော့ဘူး၊ lockdown လုပ်ထားတာကြောင့် လူအများအပြားက အိမ်ကိုမသွားနိုင်ကြဘူး၊ COVID-19 လူနာတွေဆိုရင်လည်း သီးသန့်ခွဲထားခဲ့ရတယ်၊ ဒီလိုအချိန်မှာ သူတို့ရဲ့ခွေးတွေက အစာရေစာ ငတ်ကုန်တာပေါ့၊ ဂေဟာကို ခွေး ၁၀ ကောင်လောက်အထိ နေ့တိုင်း ရောက်လာခဲ့တယ်" လို့ ဆူစန်နာက ပြောပါတယ်။

လူအများအပြားက အလုပ်လက်မဲ့ ဖြစ်ကြပြီး သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ကျွေးမွေးပြုစုဖို့ မတတ်နိုင်ကြတော့ဘူး

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှု ကြုံနေကြရာ ခွေးစောင့်ရှောက်ရေးဂေဟာကို လှူဒါန်းသူကလည်း နည်းသထက်နည်းလာခဲ့ပါတယ်။ ခွေးပေါင်းများစွာကို ကယ်တင်စောင့်ရှောက်နေတဲ့ အသက် ၅၅ နှစ်အရွယ် ဆူစန်နာဟာ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သလို COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ ရောဂါဗေဒပညာရှင် ဒေါက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ အခြား ရောဂါတွေအတွက် ဓာတ်ခွဲစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆူစန်နာဟာ တိရိစ္ဆာန်ချစ်သူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သူပါ။

"ကျွန်မရဲ့ အဖေနဲ့အမေက တိရိစ္ဆာချစ်သူတွေလေ၊ ကျွန်မ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တာ မိဘတွေကိုကြောင့်ပါပဲ၊ ဒါပေမဲ့ သူတို့ကတော့ ကျွန်မလို တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ မပိုင်ဆိုင်ခဲ့သလို တိရိစ္ဆာန်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေလည်း မဟုတ်ခဲ့ပါဘူး" လို့ သူမက ဆိုပါတယ်။ တိရိစ္ဆာန်တစ်ကောင်ကို အရောင်းဆိုင်ကနေ ဝယ်ယူခြင်းထက် ကယ်တင်ပြီး စောင့်ရှောက်မွေးမြူခြင်းက ပိုမိုကောင်းမွန်တယ်လို့ မိဘတွေက ဆူစန်နာကို သင်ပေးခဲ့တာ ဖြစ်ပါတယ်။

"အကောင်ရေများလွန်းတာကြောင့် မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ စွန့်ပစ်ခံကြရတယ်လို့ ကျွန်မရဲ့မိဘတွေက ပြောပြခဲ့ကြတယ်၊ ဒါကြောင့်ပဲ ကျွန်မတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သားပေါက်မခံပါဘူး၊ သူတို့ သေဆုံးသွားခဲ့ရင် ကျွန်မတို့ နောက်ထပ် တိရိစ္ဆာန်တွေ အမြဲတစေ ကယ်တင်နိုင်ပါတယ်" လို့ ဆူစန်နာက ပြောပါတယ်။ မိဘတွေက အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သင်ကြားပေးခဲ့မှုတွေက ဆူစန်နာရဲ့ ခေါင်းထဲမှာစွဲထင်နေပြီး သူမဟာ ငယ်စဥ်ကတည်းက ခွေးတွေနဲ့ ကြောင်တွေကို ကယ်တင်နေခဲ့တယ်လို့ ဆိုပါတယ်။

"တိရိစ္ဆာန်တစ်ကောင် ဒုက္ခရောက်နေတာ တွေ့တာနဲ့ အမြဲတမ်း ကျွန်မ အိမ်ကိုခေါ်သွားတယ်၊ ကလေးအရွယ်တုန်းကဆို ကျောင်းကပြန်လာရင် အဲဒီလို လုပ်တာပဲ၊ တက္ကသိုလ်တက်တော့လည်း အိမ်အပြန်လမ်းမှာ ဒုက္ခရောက်နေတဲ့ တိရိစ္ဆာန်တွေ့ရင် ခေါ်လာခဲ့တာပဲ၊ အခု အလုပ်ကနေ အိမ်ပြန်လို့ အဲဒီလိုတွေ့ရင်လည်း ကျွန်န် ခေါ်လာခဲ့လိုက်တာပဲ" လို့ သူမက ပြောပါတယ်။

ဆူစန်နာဟာ မိဘတွေနဲ့အတူ နေထိုင်ခဲ့စဥ်က သူမတို့ရဲ့မိသားစုမှာ ခွေးနဲ့ကြောင် ၁၅ ကောင်ရှိပြီး အားလုံးကို ကယ်တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ဆူစန်နာက သူငယ်ချင်းအနည်းငယ်နဲ့အတူ နေမကောင်းဖြစ်တဲ့ တိရိစ္ဆာန်တွေနဲ့ စွန့်ပစ်ခံရတဲ့ တိရိစ္ဆာန်တွေအတွက် ရန်ပုံငွေတစ်ရပ် စတင်ခဲ့ပါတယ်။

တိရိစ္ဆာန်တစ်ကောင် ဒုက္ခရောက်နေတာ တွေ့တာနဲ့ အမြဲတမ်း ကျွန်မ အိမ်ကိုခေါ်သွားတယ်

"ကျွန်မတို့ လိုအပ်ခဲ့တဲ့ ရန်ပုံငွေအစား လူတွေက ကျွန်မတို့ဆီ ရောက်လာကြပြီး သူတို့ရဲ့ ခွေးတွေ၊ ကြောင်တွေကို လာပေးခဲ့ကြတယ်" လို့ ဆူစန်နာက သူမရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ စတင်ဖြစ်တည်မှုကို ပြန်ပြောင်းပြောခဲ့ပါတယ်။ ထို့နောက်မှာတော့ ဆူစန်နာက သူမရဲ့အိမ်ကနေ ငါးမိနစ်မျှသွားရုံဖြင့် ရောက်ရှိနိုင်တဲ့ မိသားစုပိုင် မြေကွက်လပ်မှာ တိရိစ္ဆာန်တွေကို လက်ခံမွေးမြူရန်အတွက် သင်တော်တဲ့ ဂေဟာအဆောက်အအုံကို တည်ဆောက်ရန် လုပ်ဆောင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်းမှာ ဆူစန်နာရဲ့ Pejaten Animal Shelter တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ စတင်ဖြစ်တည်လာခဲ့ပါတယ်။ ဂေဟာစတင်ချိန်က အထပ်တစ်ထပ်ပါ အဆောက်အအုံ နှစ်လုံးသာရှိခဲ့ပြီး တစ်လုံးကို တိရိစ္ဆာန်တွေအတွက်နဲ့ အခြားတစ်လုံးကို သူမရဲ့ ဝန်ထမ်းနှစ်ဦး နေထိုင်ရန်အဖြစ် မီးဖိုချောင်နဲ့ ရှေးဦးသူနာပြု ဆေးခန်းတစ်ခန်း ထည့်သွင်းဆောက်လုပ်ထားခဲ့ပါတယ်။

နှစ်တွေကြာလာတဲ့အခါမှာ ကယ်တင်စောင့်ရှောက်ထားမယ့် တိရိစ္ဆာန်တွေအတွက် နောက်ထပ် အဆောက်အအုံတွေ ပိုမိုလိုအပ်လာကြောင်း ဆူစန်နာ သိရှိလာခဲ့ပါတယ်။ ကယ်တင်ထားတဲ့ တိရိစ္ဆာန်အကောင်ရေ အလွန်များလာတဲ့အခါမှာတော့ ဆူစန်နာက သူမ ကယ်တင်ထားခဲ့တဲ့ ကြောင်တွေကို သူငယ်ချင်းတစ်ဦး တည်ထောင်ထားတဲ့ “Rumah Kucing Parung” (Parung House of Cats) ဂေဟာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆူစန်နာဟာ ဂေဟာအတွက် ဝန်ထမ်းတွေလည်း ပိုမို ခန့်ထားခဲ့ရပါတယ်။

ယခုအခါမှာတော့ ဆူစန်နာရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းအရေအတွက် ၃၀ ရှိပြီး အချို့က အစားအစာ ပြင်ဆင်ချက်ပြုတ်ပြီး အခြား ဝန်ထမ်းတွေက နေမကောင်းတဲ့ ခွေးတွေကို တိရိစ္ဆာန်ဆေးကုဆရာဝန်ထံ ခေါ်ဆောင်သွားခြင်း၊ စွန့်ပစ်တိရိစ္ဆာန်တွေကို ကယ်တင်ခြင်းနဲ့ တိရိစ္ဆာန်မွေးမြူသူတွေရဲ့ နေအိမ်တွေကို ဆန်းစစ်လေ့လာခြင်းတို့ လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

"တိရိစ္ဆာန်အချို့ကိုတော့ လာယူပြီး မွေးမြူကြတာရှိတယ်၊ ဒါပေမဲ့ အချိုးအစား အရမ်းနည်းပါတယ်၊ တစ်ကောင်ကို ခေါ်ယူမွေးမြူခံရင် နောက်ထပ် ၁၀ ကောင်ကို ကယ်တင်ပြီး ဒီမှာခေါ်ထားတယ်၊ ဒီက ခွေးအများစုအတွက် ဒါက သူတို့ရဲ့ ခိုလှုံရာပါပဲ၊ သူတို့ရဲ့ အခုကနေ နောက်အနာဂတ် အိမ်ပေါ့" လို့ ဆူစန်နာက ပြောပါတယ်။ Pejaten Animal Shelter က တိရိစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့၊ တိရိစ္ဆာန်အခွင့်အရေးအုပ်စုတွေ၊ ကယ်တင်သူတွေနဲ့ သတင်းပေးသူတွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်လျက်ရှိပါတယ်။

ကျွန်မတို့ လိုအပ်ခဲ့တဲ့ ရန်ပုံငွေအစား လူတွေက ကျွန်မတို့ဆီ ရောက်လာကြပြီး သူတို့ရဲ့ ခွေးတွေ၊ ကြောင်တွေကို လာပေးခဲ့ကြတယ်

ဆူစန်နာရဲ့ စောင့်ရှောက်ရေးဂေဟာကို အသစ်ရောက်လာတဲ့ ခွေးများအနကန် လေးကောင်ဟာ ခွေးသားထုတ်လုပ်ရာ ခွေးသတ်ရုံတစ်ခုမှ ကယ်တင်ခဲ့တာလို့လည်း ဆိုပါတယ်။ ကယ်တင်သူတွေက တွေ့ရှိချိန်မှာ ထိုခွေးလေးကောင်ကို ထွက်မပြေးနိုင်ရန် အိတ်တစ်လုံးထဲမှာထည့်ပြီး ၎င်းတို့ရဲ့ ပါးစပ်တွေကို ကြိုးဖြင့်ချည်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

"ကယ်တင်ခံရတဲ့ ခွေးတွေက ဒီဂေဟာမှာ အသားကျဖို့ တစ်ပတ်ကျော်လောက် ကြာနိုင်ပါတယ်၊ အထူးသဖြင့် အသတ်ခံရမယ့်ဘေးကနေ၊ နှိပ်စက်ညှဥ်းပန်းခံရတဲ့အဖြစ်ကနေ ကယ်တင်ခံခဲ့ရတဲ့ ခွေးတွေဟာ ကြောက်စိတ်နဲ့အတူ စိတ်ဒဏ်ရာရနေတာကြောင့်ပါ" လို့ ဆူစန်နာက ရှင်းပြပါတယ်။

"ကယ်တင်ထားတဲ့ ခွေးတွေအကုန်လုံးကတော့ စိတ်ဖိစီးမှုတစ်မျိုးမျိုး ရှိကြတယ်၊ လမ်းဘေးခွေးတွေကတော့ ပိုပြီး ကြမ်းတမ်းသန်မာတာပေါ့၊ ဒါပေမဲ့ အိမ်မွေးခွေးလေးတွေကျတော့ ဒီမှာ အသားကျဖို့ အချိန်ယူရတယ်၊ ဘာလို့လဲဆိုတော့ သူတို့က အဲယားကွန်းတပ်ထားတဲ့ အိမ်ထဲမှာ တစ်ကောင်းတည်းနေခဲ့တာဖြစ်ပြီး သူတို့ တစ်ခါတစ်ရံ စိတ်ပျက်နေတတ်ကြတယ်" လို့ သူမက ပြောပါတယ်။

အိမ်တွေမှာ မွေးမြူထားကြတဲ့ တိရိစ္ဆာန်တွေကို ရုတ်တရက် မလိုချင်တော့တဲ့ အကြောင်းရင်း အများအပြားရှိကြောင်းလည်း ဆူစန်နာက သူမရဲ့အတွေ့အကြုံကို ပြောခဲ့ပါသေးတယ်။ "ပိုင်ရှင်တွေက အိမ်မွေးတိရိစ္ဆာန်တွေ ထားလို့မရတဲ့ နေရာသစ်ကို ပြောင်းရတာကြောင့် ဖြစ်နိုင်တယ်၊ အချို့ကျတော့ သူတို့ရဲ့ ပိုင်ရှင်တွေကို ကိုက်ခဲ့တာကြောင့် စွန့်ပစ်ခံရတာမျိုးလည်းရှိတယ်၊ အချို့ခွေးတွေကတော့ နေမကောင်းဖြစ်တာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးဖြစ်ပြီး ပိုင်ရှင်က ဆက်ပြီး ကုသစောင့်ရှောက်မှု မလုပ်ပေးနိုင်တာကြောင့်လည်း စွန့်ပစ်ကြပါတယ်" လို့ သူမက ပြောပါတယ်။

မည်သည့် အကြောင်းပြချက်ကြောင့်ဖြစ်စေ ဆူစန်နာရဲ့ စောင့်ရှောက်ရေးဂေဟာကတော့ နေရာပိုကျပ်လာသည့်တိုင် အသစ်ရောက်လာတဲ့ ခွေးလေးတွေကို အမြဲတမ်း ကြိုဆိုနေတယ်လို့ ဆိုပါတယ်။ "ကျွန်မအတွက်က လက်မခံဘူးလို့ ပြောရမှာ ခက်ခဲပါတယ်၊ ဒါကို ကျွန်မ ဘယ်လိုပြောထွက်နိုင်မလဲ? ကျွန်မက လက်မခံဘူးဆိုရင် ခွေးတွေက လမ်းပေါ်မှာပဲရှိနေပြီး ပိုဒုက္ခရောက်ကြမှာပါ၊ တိရိစ္ဆာန်တစ်ကောင်ကို မွေးမြူလိုက်ချိန်မှာ သူ့အတွက် ကျွေးဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ အဲဒီတိရိစ္ဆာန်က လူတွေအပေါ်ကို မှီခိုလာတယ်" လို့ ဆူစန်နာက ရှင်းပြပါတယ်။

ကယ်တင်ထားတဲ့ ခွေးတွေအကုန်လုံးကတော့ စိတ်ဖိစီးမှုတစ်မျိုးမျိုး ရှိကြတယ်

စတုရန်းပေ ၅၃,၀၀၀ ကျော်ရှိတဲ့ ခြံကျယ်ကြီးဟာ ယခုအခါ အဆောက်အအုံတွေ အပြည့်နီးပါး ဆောက်လုပ်ထားပြီးဖြစ်ကာ ၃၀ ရာခိုင်နှုန်းခန့်သာ မြေကွက်အလွတ်ကျရှိပါတော့တယ်။ စောင့်ရှောက်ရေးဂေဟာခြံဝင်းအတွင်း ကယ်တင်ထားတဲ့ ခွေးတွေကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်ရန် လွတ်ထားပါတယ်။ သို့သော် စိတ်ဒဏ်ရာရထားတဲ့ အသစ်ရောက် ခွေးတွေနဲ့ ခွေးအသေးလေးတွေကို အနိုင်ကျင့်တတ်တဲ့ ခွေးတွေအတွက်လည်း လှောင်အိမ်တွေလုပ်ထားပါတယ်။

ထို့အတူ ဂေဟာကနေ လွတ်ထွက်သွားဖူးတဲ့ ခွေးတွေကိုထားရှိရန် တံတိုင်းကာရံထားတဲ့ နေရာတစ်ခုကိုလည်း ဂေဟာခြံဝင်းအနောက်ဘက်မှာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ဆူစန်နာက တစ်နေ့မှာ သူမရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ရွှေ့ပြောင်းမယ်လို့ မျှော်လင့်အိပ်မက်ထားပါတယ်။ သို့သော် ဂေဟာရဲ့ ပြဿနာက မြေနေရာတစ်ခုတည်းသာ မဟုတ်ပါဘူး။

သူမရဲ့ဂေဟာမှာ ကယ်တင်စောင့်ရှောက်ထားတဲ့ ခွေးတစ်ကောင်စီအတွက် တစ်လလျှင် အစားအစာနဲ့ဆေးဝါး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၇.၆ (မြန်မာကျပ်ငွေ ၂၄,၀၀၀ ကျော်) လိုအပ်တယ်လို့ ဆူစန်နာက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်မီတာဖိုး၊ ရေဖိုးနဲ့ ဝန်ထမ်းလခတွေလည်း ပေးရပါတယ်။

တိရိစ္ဆာန်တစ်ကောင်ကို မွေးမြူလိုက်ချိန်မှာ သူ့အတွက် ကျွေးဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ အဲဒီတိရိစ္ဆာန်က လူတွေအပေါ်ကို မှီခိုလာတယ်

"COVID-19 မဖြစ်ခင်ကတောင် ဂေဟာကုန်ကျစရိတ်အတွက် ကျွန်မ ရုန်းကန်နေခဲ့ရတာ နှစ်နှစ်ကျော်ရှိပြီ" လို့ သူမက ဖွင့်ဟခဲ့ပါတယ်။ ဆူစန်နာက လူနေအိမ်တစ်လုံးကို ငှားရမ်းထားခဲ့ပြီး ငှားရမ်းခဝင်ငွေကို သူမရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာအတွက် ပြန်သုံးခဲ့တာ ဖြစ်ပါတယ်။ သို့သော် ၂၀၀၈ ခုနှစ်မှာတော့ ထိုအိမ်နဲ့ပတ်သက်ပြီး အမှုအခင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂေဟာအတွက် နောက်ထပ် ဝင်ငွေရင်းမြစ်က လမ်းဘေးအစားအစာ ရောင်းချတဲ့လုပ်ငန်းဖြစ်ခဲ့ပေမဲ့ COVID-19 ကြောင့် ပိတ်ထားခဲ့ရပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 စတင်ဖြစ်ပွားချိန်မှစပြီး ဆူစန်နာရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာက လှူဒါန်းမှုတွေကိုသာ အပြည့်အဝ မှီခိုအားထားလာခဲ့ရပါတယ်။ လှူဒါန်းမှုပမာဏကလည်း ဂေဟာကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွက်သာ လုံလောက်မှုရှိတယ်လို့ ဆိုပါတယ်။

"အလှူရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ကပ်ရောဂါ သက်ရောက်မှုရှိခဲ့တယ်လေ၊ ဒါပေမဲ့ ကျွန်မ နည်းလမ်းတစ်ခုတော့ ရှာသွားမှာပဲ၊ ကျွန်မ မစွန့်လွှတ်နိုင်ပါဘူး၊ ကျွန်မ လက်လျှော့လိုက်မယ်ဆိုရင် တခြား တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ ပိုင်ရှင်တွေလည်း အလားတူ ဖြစ်လာနိုင်တယ်၊ ကျွန်မ ခွန်အားရှိရမယ်၊ ဒါမှ တခြားသူတွေ ခွန်အားရှိဖို့ ကျွန်မ စီစဥ်နိုင်မှာပါ၊ လိုအပ်နေတဲ့ တိရိစ္ဆာန်တွေကို ကူညီနေတာ ကျွန်မ ဘယ်တော့မှ မရပ်ပါဘူး၊ ဒါက ကျွန်မရဲ့ အလုပ်ပါပဲ" လို့ ဆူစန်နာက ပြောခဲ့ပါတယ်။

(CNA မှာ ဖော်ပြထားတဲ့ စာရေးသူ Nivell Rayda ရဲ့ 'Meet the Indonesian doctor who has rescued more than 1,000 stray and abandoned dogs' သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က