ဦးနှောက်အပေါ်ယံမှာ နည်းပညာပစ္စည်းနှစ်ခုကို ထည့်ထားပါတယ်။
Ko John

နိုက်ကလပ်မှာ မတော်တဆမှုကြောင့် ကျောရိုးထိခိုက်ပြီး လမ်းမလျှောက်နိုင်ဖြစ်နေခဲ့တဲ့ ပြင်သစ်အမျိုးသားတစ်ဦးဟာ စိတ်ဖြင့်ထိန်းချုပ်စေခိုင်းနိုင်တဲ့ နည်းပညာမြင့် ဝတ်စုံဖြင့် လမ်းပြန်လျှောက်လာနိုင်ကြောင်း သိရပါတယ်။

(Photo: Fonds De Dotation Clinatec)

အသက် ၃၀ အရွယ် သီဘော့တ် (Thibault) အမည်ရှိ အမျိုးသားဟာ အဆိုပါ ဝတ်စုံဖြင့် လပေါ်မှာ ပထဆုံးလူသား ခြေချလမ်းလျှောက်သကဲ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် လမ်းလျှောက်ခြင်းဖြစ်တဲ့ သီဘော့တ်ရဲ့ လှုပ်ရှားမှုတွေဟာ ပြီးပြည့်စုံပြီး လူကောင်းပကတိအတိုင်း ဖြစ်လာရန် အလှမ်ဝေးသေးပြီး ခြေလက်တွေကို လှုပ်ရှားစေနိုင်တဲ့ စက်ရုပ်ဝတ်စုံဟာ စမ်းသပ်ခန်းသုံးအဖြစ်သာရှိသေးတယ်လို့ ဆိုပါတယ်။ သို့သော် ယခု လုပ်ဆောင်နိုင်မှုက တစ်နေ့မှာ သီဘော့တ်ကဲ့သို့ လူနာတစ်ဦးရဲ့ လှုပ်ရှားသွားလာမှုကို ပုံမှန်ပြန်ဖြစ်လာစေနိုင်ကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

(Photo: Fonds De Dotation Clinatec)

သီဘော့တ်ကို လမ်းပြန်လျှောက်လာနိုင်စေတဲ့ ဝတ်စုံစနစ် အသုံးပြုနိုင်ရန် ၎င်းရဲ့ ဦးနှောက်အပေါ်ယံမှာ နည်းပညာသုံးပစ္စည်းနှစ်ခုကို ထည့်ထားပေးခဲ့ပါတယ်။ ထိုပစ္စည်းနှစ်ခုက လူ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုထိန်းချုပ်ရာ ဦးနှောက်ရဲ့ အစိတ်အပိုင်းနေရာတွေကို ဖုံးအုပ်ထားပါတယ်။

သီဘော့တ်ရဲ့ ဦးနှောက်အပေါ်ယံမှာ ထည့်ထားတဲ့ပစ္စည်းတစ်ခုစီမှာ လျှပ်ကူးပစ္စည်းလေးများ ၆၄ ခုစီပါဝင်ပြီး ၎င်းတို့က ဦးနှောက်ရဲ့လှုပ်ရှားမှုတွေ (စိတ်ကို) ကိုဖတ်ပြီး ကွန်ပျူတာဆီသို့ ညွန်ကြားစေခိုင်းချက်တွေ ထုတ်လွှင့်ပေးပါတယ်။ ထို့နောက် ကွန်ပျူတာဆော့ဖ်ဝဲက ဦးနှောက်မှထုတ်လွှင့်မှုတွေကို ဖတ်ပြီးနောက် ဝတ်စုံကို ထိန်းချုပ်ရန်အတွက် စိတ်ဖြင့်ညွန်ကြားချက်များအဖြစ် ပြောင်းလဲပေးကြောင်း သိရပါတယ်။

(Photo: Fonds De Dotation Clinatec)

လမ်းမလျှောက်နိုင်ဖြစ်နေခဲ့တဲ့ သီဘော့တ်က အဆိုပါဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းရဲ့ဦးနှောက်က (စိတ်က) စေခိုင်းမှုအတိုင်း ခြေလက်တစ်ဖက်ချင်းစီကို ထိန်းချုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က နိုက်ကလပ်တစ်ခုရဲ့ ပေ ၄၀ ကျော် အမြင့်နေရာကနေ ပြုတ်ကျခဲ့ပြီးကတည်းက လမ်းမလျှောက်နိုင်တော့တဲ့ သီဘော့တ်ဟာ ပညာရှင်တွေ တီထွင်ထားတဲ့ ဝတ်စုံစနစ်ဖြင့် လမ်းပြန်လျှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

"လပေါ်ကို ရောက်သွားတဲ့ ပထဆုံးလူသားလိုပဲ၊ ကျွန်တော် လမ်းမလျှောက်နိုင်တာ နှစ်နဲ့ချီကြာပြီလေ၊ မတ်တပ်ရပ်တယ်ဆိုတာတောင် ကျွန်တော် မေ့နေပြီ၊ အခန်းထဲက လူအများကြီးထက် ကျွန်တော်က အရပ်ပိုရှည်တယ်ဆိုလည်း မေ့နေပြီလေ" လို့ သီဘော့တ်က ပြောပါတယ်။

(Photo: Fonds De Dotation Clinatec)

သီဘော့တ်ဟာ နည်းပညာမြင့်ဝတ်စုံဖြင့် ခြေလက်တွေကို မည်သို့ထိန်းချုပ်ရန် ကာလရှည်ကြာ သင်ယူခဲ့ရကြောင်းလည်း သိရပါတယ်။ ပြင်သစ်ပညာရှင်တွက သီဘော့တ်ကို လမ်းပြန်လျှောက်နိုင်စေခဲ့တဲ့ ဝတ်စုံနည်းပညာကို ပြီးပြည့်စုံစေရန် ဆက်လက် လုပ်ဆောင်နိုင်တယ်လို့ ပြောထားပါတယ်။

"ခန္ဓာကိုယ်နဲ့ ဘာမှမလုပ်နိုင်တဲ့အချိန် ... ကျွန်တော့် ဦးနှောက်နဲ့ ကျွန်တော် တစ်ခုခုလုပ်ချင်ခဲ့တယ်" လို့ သီဘော့တ်က AFP သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။ ယခုဝတ်စုံဖြင့် စမ်းသပ်မှုဟာ ၎င်းကဲ့သို့ဖြစ်နေသူတွေကို မျှော်လင့်ချက်သတင်းစကား ဖြစ်တယ်လို့လည်း သီဘော့တ်က ပြောပါတယ်။



က္က