သံသယရှိသူ အမျိုးသားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်တံတားပေါ်မှာ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်လိုက်ကြောင်း သိရပါတယ်။

(သံသယရှိသူကို ရဲတပ်ဖွဲ့က သေနတဖြင့်ချိန်ရွယ်ထားစဥ်) (Photo: AP)

ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် လန်ဒန်ရဲတပ်ဖွဲ့က သတ်မှတ်ကြေညာခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်ကြောင်း သံသယရှိသူ အမျိုးသားဟာ ခန္ဓာကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းအတုတစ်ခုကို တပ်ဆင်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။



သိမ်းစ်မြစ်ကိုဖြတ်သန်းပြီး လန်ဒန်မြို့လယ်ပိုင်းနဲ့ Southwark အရပ်ဒေသကို ဆက်သွယ်တည်ဆောက်ထားတဲ့ လန်ဒန်တံတားပေါ်မှာ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း Sky News သတင်းက ပြောပါတယ်။ ဗြိတန်နိုင်ငံ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ယခုတိုက်ခိုက်မှုကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

(အကြမ်းဖက်သမားထံမှ ဓားကိုလုယူနိုင်ခဲ့သည့် အမျိုးသား) (Photo: @GeorgeRobarts/Twitter)

အကြမ်းဖက်တိုက်ခိုက်သူက လူငါးဦးအထိကို ဓားဖြင့်ထိုးခဲ့ပြီး ၎င်းကို အနီးအနားမှ ဖြတ်သန်းသွားလာသူ လေးဦးထက်မနည်းက သူရဲကောင်းဆန်ဆန် ဝင်ရောက်လုံးထွေးသတ်ပုတ်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားဟာ ဓားနှစ်ချောင်း ကိုင်ဆောင်ထားခဲ့ပြီး ၎င်းထံမှ ဓားတစ်ချောင်းကို ဝင်ရောက်လုံးထွေးသတ်ပုတ်ခဲ့သူ အမျိုးသားတစ်ဦးက လုယူထားနိုင်ခဲ့တာကိုလည်း မှတ်တမ်းဗီဒီယိုထဲမှာ တွေ့ရပါတယ်။ လမ်းသွားလမ်းလာတွေကို ဓားဖြင့်တိုက်ခိုက်ခဲ့သူအား ဝင်ရောက်ဟန့်တား လုံးထွေးသတ်ပုတ်ခဲ့သူတွေကို သူရဲကောင်းများအဖြစ် ချီးကျူးနေကြပါတယ်။

(ကြောက်လန့်ထွက်ပြေးကြသူအချို့) (Photo: PA)

လန်ဒန်တံတား ပတ်ဝန်းကျင်းမှာရှိနေခဲ့သူတွေဟာ အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ပြေးခဲ့ကြပြီး ဝန်းထမ်းတွေက အကာအကွယ်ယူရန် ပြောခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ အမျိုးသမီးက ဆိုပါတယ်။ အခင်းဖြစ်နေရာမှာ ရှိနေကြသူတွေအနေနဲ့ ရဲအရာရှိတွေရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် ရဲတပ်ဖွဲ့က အကြံပေးထားခဲ့ပါတယ်။

တံတားပေါ်မှာ အမျိုးသားအချို့နဲ့ ဓားကိုင်အမျိုးသားတို့ တိုက်ခိုက်နေခဲ့ကြပုံရပြီးနောက် လက်နက်ကိုင် အရာရှိများအပါအဝင် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်လာကာ ဓားကိုင်အမျိုးသားကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ လန်ဒန်တံတားပေါ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားဟာ အသက် ၂၈ နှစ်အရွယ် အူစမန်ခန်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(လန်ဒန်တံတားပေါ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အူစမန်ခန်း) (Photo: AFP)

အူစမန်ခန်းဟာ ၂၀၁၂ ခုနှစ်က အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ကို အတုယူပြီး လန်ဒန်စတော့အိတ်ချိန်းကို ဖောက်ခွဲရန်ကြံစည်မှုမှာ ပါဝင်ခဲ့တာကြောင့် အကြမ်းဖက်ပြစ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သို့သော် ၎င်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အကျဥ်းထောင်မှ ပြဏ်ဒဏ်ကာလမစေ့မီ ပြန်လွှတ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်ပြစ်မှုဖြင့် ထောင်ကျနေပြီး ပြန်လွှတ်လာသူတစ်ဦးက အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်ရပ်ကြောင့် ဗြိတိန်အစိုးရရဲ့ ပြစ်ဒစ်ချမှတ်မှုဆိုင်ရာ မူဝါဒတွေကို အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘိုင်းက ဝေဖန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရကလည်း အကြမ်းဖက်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ပြစ်ဒဏ်ကာမစေ့မီ ထောင်မှပြန်လွှတ်ပေးထားခဲ့မှုတွေ အားလုံးကို ပြန်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

(ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဥ်) (Photo: PA)

လန်ဒန်တံတားပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ရဲ့ တိုက်ခိုက်ရေးသမားတစ်ဦးက လုပ်‌ဆောင်ခဲ့‌ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောကြားမှုလည်း ရှိလာခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက် လန်ဒန်တံတားပေါ် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့‌ကြောင်းလည်း သိရပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်မှုအရ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၂၅ နှစ်အရွယ် ကိန်းဘရစ်ချ်တက္ကသိုလ် ကျောင်းသားဟောင်း ဂျက်မာရစ်ဖြစ်ပြီး တက္ကသိုလ်ရဲ့ Learning Together အစီအစဥ် ညှိနှိုင်းရေးမှူးအဖြစ် လုပ်ကိုင်နေပါတယ်။ ဂျက်မာရစ်နဲ့အတူ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာလည်း ကိန်းဘရစ်ချ်တက္ကသိုလ်မှပင် ဘွဲ့ရရှိခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆက်စ်ကီယာဂျုံးစ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

(အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူနှစ်ဦး) (Photo: Met Police)

၂၀၁၇ ခုနှစ် ဇွန်လအတွင်းကလည်း လန်ဒန်တံတားပေါ်မှာ လမ်းလျှောက်သွားနေသူတွေ ကားဖြင့်ဝင်တိုက်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး လူသုံးဦးသေဆုံးကာ ၄၈ ဦး ဒဏ်ရာရပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူ သုံးဦးကို ရဲတပ်ဖွဲ့ အသေပစ်သတ်ခဲ့ပါတယ်။ အဆိုပါ အကြမ်းဖက်သမားသုံးဦးဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်သူတွေဖြစ်ကြောင်း သိရပါတယ်။



Share

Loading Next Article...
က္က