ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ အမြင့်ပေ ၁၃,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မီးတောင်တစ်လုံး ယနေ့ (အောက်တိုဘာ ၃ ရက်) ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

Photo: AFP/National Agency for Disaster Management, BNPB

ဆိုပူတန်မီးတောင် (Mount Soputan) မီးတောင်ပေါက်ကွဲမှုမှ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ အမြင့်ပေ ၁၃,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ မီးတောင်ရဲ့ လက်ရှိအခြေအနေအရ အာဏာပိုင်တွေက အန္တရာယ်ရှိကြောင်း သတိပေးချက်ကို အဆင့် ၃ သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ မီးတောင်အန္တရာယ် သတိပေးချက်အမြင့်ဆုံးအဆင့်မှာ အဆင့် ၄ ဖြစ်ကြောင်းလည်း Jakarta Post သတင်းက ပြောပါတယ်။ အင်ဒိုနီးရှား သဘာဘေးအန္တရာယ်ဆိုင်ရာဌာနက ဒေသခံတွေကို မီးတောင်ကနေ ၂.၄ မိုင်ပတ်လည်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် သတိပေးထားပါတယ်။



Photo: Sutopo Purwo Nugroho

သို့သော် လက်ရှိအချိန်မှာ မီးတောင်အနီး နေထိုင်ကြသူတွေ ရွှေ့ပြောင်းရန်မလိုအပ်သေးကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောပါတယ်။ ဆူပူတန်မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းများမရှိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိ လေတိုက်နေမှု ဦးတည်ရာအရ မီးတောင်ပြာမှုန်တွေဟာ လေယာဉ်ပျံသန်းမှုကို အနှောင့်အယှက် မဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ ဆူပူတန်မီးတောင်ဟာ ဆူလာဝေစီကျွန်း ကမ်းရိုးတန်းရှိ ငလျင်နဲ့ဆူနာမီဒဏ်သင့် ပါလူမြို့မှ အရှေ့မြောက်ဘက် ၃၇၃ မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၂၈ ရက်) က ပါလူမြို့အနီး ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် အမြင့်ဆုံး ပေ ၂၀ အထိရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ရာ ယနေ့ နေ့လယ်ပိုင်းအထိ စာရင်းတွေအရ သေဆုံးသူအရအတွက် ၁,၄၀၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Map: news.com.au

ငလျင်နဲ့ဆူနာမီကြောင့် ပါလူမြို့မှာ ခန့်မှန်းခြေ နေအိမ် ၆၆,၀၀၀ ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ နီးပါးဟာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့က ပြောပါတယ်။ အရေးပေါ် အကူအညီများ လိုအပ်နေသူတွေအတွက် ကလေးငယ် သောင်းနဲ့ချီအရေအတွက်လည်း ပါဝင်နေကြောင်း သိရပါတယ်။  ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက် ငလျင်နဲ့ဆူနာမီကြောင့် ပျက်စီးမှုများ (Photo: Reuters)

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က