lockdown မလုပ်ဘဲနဲ့ သူတို့ကိုယ်တိုင် တာဝန်ယူမှုရှိတဲ့ ပြည်သူလူထုအပေါ် အားကိုးထားပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဥရောပနိုင်ငံ အတော်များများမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားကြဆဲ ဖြစ်ပါတယ်။

(Photo: Andres Kudacki/AP)

ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်နေတဲ့ ဥရောနိုင်ငံတွေက သွားလာလှုပ်ရှားမှု ကန့်သတ်ထားပြီး မလိုက်နာသူတွေကို ပြစ်ဒဏ်ချမှတ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတစ် တစ်နိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေလည်း ဖြစ်ပွားနေတဲ့ ဆွီဒင်မှာ အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ lockdown အစီအမံတွေ မရှိပါဘူး။



ဆွီဒင်မှာ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေ ဖွင့်ထားဆဲဖြစ်ပြီး ကစားကွင်းတွေ၊ စာသင်ကျောင်းတွေလည်း ပုံမှန်အတိုင်း ဖွင့်ထားပါတယ်။ ဆွီဒင်အစိုးရက COVID-19 ကူးစက်မှုတိုက်ဖျက်ရေးမှာ ပြည်သူများ မိမိသဘောဆန္ဒအလျောက် ကိုယ်ပိုင်အသိစိတ်ဖြင့် ပါဝင်ဆောင်ရွက်မှုအပေါ် မှီခိုအားထားလျက်ရှိပါတယ်။ ဆွီဒင်အစိုးရရဲ့ အဆိုပါ မူဝါဒက COVID-19 နဲ့ပတ်သက်ပြီး အငြင်းပွားစရာ ချဥ်းကပ်ဆောင်ရွက်ချက်ဖြစ်နေပါတယ်။

(Photo: Andres Kudacki/AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဆွီဒင်အစိုးရရဲ့ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ကိုင်တွယ်ဆောင်ရွက်ပုံကို အင်္ဂါနေ့ (ဧပြီ ၇ ရက်) က လူသိရှင်ကြား ဝေဖန်ခဲ့ပါသေးတယ်။ သို့သော် ဆွီဒင်အစိုးရကတော့ ၎င်းရဲ့ မူဝါဒက အလုပ်ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးက ထရန့်ရဲ့ ပြောဆိုမှုဟာ မှားယွင်းကြောင်း ဧပြီ ၈ ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

"ဆွီဒင်ရဲ့ မဟာဗျူဟာက lockdown မလုပ်ဘဲနဲ့ သူတို့ကိုယ်တိုင် တာဝန်ယူမှုရှိတဲ့ ပြည်သူလူထုအပေါ် ကျွန်မတို့ အများကြီး အားကိုးထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Ann Linde က ဆွီဒင်ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

lockdown အစီအမံတွေမရှိတဲ့ ဆွီဒင်နိုင်ငံမှာ ယနေ့ (ဧပြီ ၁၁ ရက်) ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၁၀,၁၅၁ ဦးနဲ့ သေဆုံးသူ ၈၈၇ ဦးရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၃၈၁ ဦးဖြစ်ကြောင်း သိရပါတယ်။ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်တဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ တူရကီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန် အစရှိတဲ့ ဥရောပနိုင်ငံတွေမှာတော့ အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က