ကျောင်းဆရာက ရရှိတဲ့ လစာငွေရဲ့ ၈၀ ရာခိုင်နှုန်းကို တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။

လစာငွေ အများစုကို ဆင်းရဲနွမ်းပါး တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့တဲ့ ကင်ညာနိုင်ငံ ကျေးလက်ဒေသမှ သိပ္ပံဘာသာရပ်သင် ကျောင်းဆရာတစ်ဦးကို ကမ္ဘာ့အကောင်းဆုံး ကျောင်းဆရာဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

(ပီတာနှင့် ၎င်းရဲ့တပည့်နှစ်ဦးက ထူးချွန်ဆုရ ပရော့ဂျက်ကို ရှင်းလင်းပြသစဉ်) (Photo: Kipsang Joseph/Standard)

တပည့်တွေအပေါ် စေတနာကောင်းလှတဲ့ ကင်ညာကျောင်းဆရာ ပီတာတာဘီချီ (Peter Tabichi) ဟာ ၂၀၁၉ ခုနှစ်အတွက် Golbal Teacher Prize ရွေးချယ်ချီးမြှင့်ခံရပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိခဲ့ပါတယ်။ ကျောင်းဆရာပီတာဟာ ဆင်းရဲနွမ်းပါးပြီး ကျောင်းသူကျောင်းသားတွေ ပုံမှန်ထက် စုံပြုံများပြားကာ ကျောင်းသုံးဖတ်စာအုပ် အနည်းငယ်မျှသာရှိတဲ့ စာသင်ကျောင်းမှာ ၎င်းရဲ့ အောင်မြင်မှုအတွက် ယခုဆုကို ချီးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။



ပီတာက တပည့်တွေကို သိပ္ပံပညာဟာ ၎င်းတို့ရဲ့ အနာဂတ်အတွက် လမ်းကြောင်းဖြစ်တယ်ဆိုတာကို သိမြင်စေလိုတယ်လို့ ဆိုပါတယ်။ ကျောင်းဆရာပီတာကို Global Teacher Prize ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(ကျောင်းဆရာပီတာကို Global Teacher Prize ပေးအပ်ချီးမြှင့်စဉ်) (Photo: AFP/Getty Images)

ကင်ညာနိုင်ငံရဲ့ အစွန်အဖျား Rift Valley ဒေသရှိ စာသင်ကျောင်းလေးမှာ တပည့်တွေအတွက် ဆရာတစ်ယောက်ရဲ့ ထူးခြားလေးစားဖွယ်ရာ ပေးဆပ်စွမ်းဆောင်မှုကို အသိအမှတ်ပြုပြီး Global Teacher Prize ဆုချီးမြှင့်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံဘာသာရပ်သင်ကြားတဲ့ ကျောင်းဆရာပီတာက ၎င်းရရှိတဲ့ လစာငွေရဲ့ ၈၀ ရာခိုင်နှုန်းကို တပည့်တွေအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။ ကျောင်းဆရာပီတာ စာသင်ကြားပေးနေတဲ့ Keriko Mixed Day အလယ်တန်းကျောင်းဟာ ကင်ညာနိုင်ငံ နာကူရူမြို့ ပီဝါနီကျေးရွာမှာရှိပြီး အဆိုပါကျောင်းမှ ကျောင်းသူကျောင်းသားတွေဟာ ဆင်းရဲနွမ်းပါးကြတာကြောင့် ကျောင်းဝတ်စုံနဲ့ စာအုပ်တွေလည်း မတတ်နိုင်ကြပါဘူး။

(ပီတာရဲ့တပည့်များ ကျောင်းကိုလာရောက်ရသည့် လမ်းတစ်နေရာ) (Photo: Getty Images)

"ဒါက ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး" လို့ ကျောင်းဆရာပီတာက ပြောပါတယ်။ ပီတာရဲ့ တပည့်တွေအားလုံးနီးပါးဟာ အလွန်ချို့ငဲ့တဲ့ မိသားစုတွေမှဖြစ်ကြပြီး အများအပြားဟာ မိဘမဲ့တွေ သို့မဟုတ် မိဘတွေနဲ့ ကွဲကွာသွားကြသူတွေလို့ ဆိုပါတယ်။

ကျောင်းဆရာပီတာက သိပ္ပံပညာအကြောင်းကို ကင်ညာမှာသာမက အာဖရိကတစ်ဝှမ်းမှာပါ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။ Global Teacher Prize ကို Varkey Foundation က ပေးအပ်ချီးမြှင့်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ အဆိုပြုခံရသူ ၁၀,၀၀၀ အနက်မှ ကျောင်းဆရာပီတာကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

(ဒေါ်လာတစ်သန်း ဆုကြေးငွေ ရရှိခဲ့သည့် ကျောင်းဆရာပီတာ) (Photo: AP)

ပီတာရဲ့ကျောင်းမှာ စာအုပ် သို့မဟုတ် ကျောင်းဆရာ ဆရာမ မလုံလောက်မှု အပါအဝင် လိုအပ်မှုတွေရှိနေပါတယ်။ စာသင်ခန်းတစ်ခန်းမှာ ကျောင်းသူကျောင်းသား ၃၅ ဦးမှ ၄၀ ဦး ရှိသင့်တာဖြစ်ပေမဲ့ ပီတာရဲ့ကျောင်းမှာတော့ တစ်ခန်းလျှင် ကျောင်းသူကျောင်းသား ၇၀ သို့မဟုတ် ၈၀ အထိရှိနေတြယ်ပီး ပြည့်ကျပ်နေကာ ဆရာဆရာမတွေအတွက် စာသင်ကြားရေး အခက်အခဲတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ကောင်းမွန်တဲ့ အင်တာနက်စနစ်မရှိတာကြောင့် သိပ္ပံဘာသာရပ် သင်ခန်းစာတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဆိုက်ဘာကဖေးဆိုင်သို့သွားရောက်ပြီး download လုပ်ရလေ့ရှိပါတယ်။

(၂၀၁၉ ခုနှစ် Global Teacher Prize ဆုရှင် ကျောင်းဆရာပီတာ) (Photo: Global Teacher Prize)

ကျောင်းဆရာပီတာရဲ့ကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူကျောင်းသား အများအပြားဟာလည်း ၄ မိုင်နီးပါးရှိတဲ့ လမ်းကြမ်းတစ်လျှောက် ခြေကျင်းခရီးဖြင့် ကျောင်းလာတက်ကြရတာ ဖြစ်ပါတယ်။ ယခုလို မပြည့်မစုံနဲ့ အခက်အခဲများ ရှိနေခဲ့ပေမဲ့လည်း ကျောင်းဆရာပီတာရဲ့ တပည့်တွေက ထူးချွန်ကြသူတွေဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ Royal Society of Chemistry အဖွဲ့အစည်းက ပေးအပ်ချီးမြှင့်တဲ့ ဆုတစ်ခုအပါအဝင် နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် သိပ္ပံဘာသာရပ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရခဲ့ကြတယ်လို့ သိရပါတယ်။

Source: The Guardian, BBC, Global Teacher Prize, Global Education & Skill Forum



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က