လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုတွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လူ ၇၈ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တဲ့ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စက်မှုဇုန်နေရာကို ပိတ်သိမ်းသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ် Yancheng မြို့ရှိ စက်မှုဇုန်တစ်ခုအတွင်း ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ တရုတ်မှာ လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုတွေအနက် တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။



ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ အဆောက်အအုံများ ပျက်စီးခဲ့ပြီး စက်မှုဇုန်ပတ်ဝန်းကျင်ရှိ နေအိမ်ပြတင်းပေါက်မှန်များ ကွဲအက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စက်မှုဇုန်နဲ့ ပတ်ဝန်းကျင်ရှိ လူဦးရေထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

(Photo: Reuters)

အဆိုပါ ပေါက်ကွဲမှုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ စက်ရုံတည်ရှိရာ Xiangshui ဓာတုဗေဒ စက်မှုဇုန်ကို ပိတ်သိမ်းသွားရန် ဒေသဆိုင်ရာအစိုးရက ကြာသပသတေးနေ့ (ဧပြီ ၄ ရက်) မှာ ဆုံးဖြတ်လိုက်ကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ပြောပါတယ်။

ထို့အတူ Jiangsu ပြည်နယ်အတွင်းရှိ ဓာတုဗေဒစက်ရုံတွေကိုလည်း ပိတ်သိမ်းသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စက်ရုံအရေအတွက် ထက်ဝက်လျှော့ချပြီး ဖြစ်မယ်လို့ The Paper သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ Xiangshui စက်မှုဇုန်ရှိ ဓာတုဗေဒစက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူ ၁၈၇ ဦးဟာ ဆေးရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ပြီး ၎င်းတို့အနက် နှစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အင်္ဂါနေ့ (ဧပြီ ၂ ရက်) မှာ ပြောခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: Getty Images)

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒစက်ရုံကို ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ Jiangsu Tianjiayi Chemical ကုမ္ပဏီမှ ဝန်ထမ်းသုံးဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရုံးက Weibo မှာ ထုတ်ပြန်ခဲ့မှုအရ ၎င်းတို့သုံးဦးဟာ ပေါက်ကွဲမှုဖြစ်ရပ်အတွက် အထင်အရှား တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Jiangsu Tianjiayi Chemical ကို ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်း ၁၉၅ ဦးဖြင့် လုပ်ငန်းများလုပ်ကိုင်နေကာ မီးလောင်လွယ် Anisole အပါအဝင် ဓာတုဗေဒကုန်ကြမ်းများကို အဓိက ထုတ်လုပ်ကြောင်းလည်း သိရပါတယ်။ 

(Photo: AFP)

တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် စက်မှုလုပ်ငန်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်မြောက်ပိုင်း Zhangjiakou မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံရဲ့ ဝင်ပေါက်နေရာမှာ ဓာတုဗေဒပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂၃ ဦး သေဆုံးကာ အခြား ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ Zhangjiakou မြို့ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမယ့် နေရာလည်းဖြစ်ပါတယ်။

(Photo: AFP)

ထို့အတူ ယမန်နှစ် ဇူလိုင်လမှာလည်း တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး ၁၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ဓာုဗေဒစက်ရုံ အဆောက်အအုံကို သက်ဆိုင်ရာ ကုမ္ပဏီက ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေ စစ်ဆေးမှုခံယူခဲ့ခြင်းမရှိဘဲ ဆောက်လုပ်ထားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က တရုတ်မြောက်ပိုင်းမှာ ဆိပ်ကမ်းမြို့ Tianjin မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒပစ္စည်းဂိုထောင် ပေါက်ကွဲမှုမှာတော့ လူ ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က