တီဟီရန်မြို့ရှိ လေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ပျက်ကျသွားခဲ့ပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ထွက်ခွာလာတဲ့ ယူကရိန်းလေယာဥ်တစ်စီး လေဆိပ်မှ ပျံတက်ပြီးနောက် ပျက်ကျသွားကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

(Photo: ISNA/AFP via Getty Images)

ယနေ့ (ဇန်နဝါရီ ၈ ရက်) ပျက်ကျသွားတဲ့ Boeing 737-800 လေယာဥ်ပေါ်မှာ ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦး လိုက်ပါသွားခဲ့ကြောင်း Reutes သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကျတဲ့ နေရာကို အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။



"လေယာဥ်က မီးလောင်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်၊ ခရီးသည်အချို့ကို ကယ်တင်နိုင်ဖွယ်ရှိပါတယ်" လို့ အီရန်အရေးပေါ်ဆိုင်ရာဌာနမှ အကြီးအကဲ Pir-Hossein Koulivand က ပြောပါတယ်။ သို့သော် နောက်ပိုင်းမှတော့ ပျက်ကျခဲ့တဲ့ လေယာဥ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြကြောင်း Pir-Hossein Koulivand အီရန်သတင်းဌာန Tasnim News Agency ကို အတည်ပြုခဲ့ပါတယ်။

(Photo: Anadolu Agency via Getty Images)

လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 မှာ ဖော်ပြထားမှုအရ ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Ukraine International Airlines) ရဲ့ လေကြောင်းခရီးစဥ်အမှတ် PS752 လေယာဥ်ဟာ တီဟီရန်မြို့ရှိ Imam Khomeini လေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ဒေသစံတော်ချိန် မနက် ၆ နာရီကျော်မှာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ လေဆိပ်အနီးမှာပင် ပျက်ကျခဲ့ပြီး ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။

လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် အီရန် ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဥ်အမှုထမ်း အားလုံးအပါအဝင် ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် လေးဦး၊ ဗြိတိန်သုံးဦးနဲ့ ဂျာမန်သုံးဦး ပါဝင်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က ပြောပါတယ်။


(Photo: AFP)

လက်ရှိမှာ အီရန်က အီရတ်ရှိ အမေရိကန်စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်း လေပိုင်နက်အတော်များများကို ပိတ်ထားတာလည်း ဖြစ်ပါတယ်။ ယူကရိန်းလေယာဥ်ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ အီရန်မီဒီယာတွေက ပြောထားပါတယ်။ ယနေ့နှောင်းပိုင်း သတင်းတွအရ ရှာဖွကယ်ဆယ်ရေးအဖွဲ့‌တွေက ပျက်ကျခဲ့တဲ့‌လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (Black Box) ကို တွေ့ရှိခဲ့ကြာင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က