မနက်စောစော ကြက်ဖတွန်သံ ဆူညံမှုဖြင့် အိမ်နီးချင်းတွေက တရားစွဲဆိုတဲ့အမှု ဖြစ်ပါတယ်။
Ko John

ပြင်သစ်မှာ မနက်စောစော ကြက်ဖတွန်သံ ဆူညံမှုဖြင့် အိမ်နီးချင်းတွေက တရားစွဲဆိုတဲ့အမှုမှာ ကြက်ဖပိုင်ရှင်က အနိုင်ရသွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP/Getty Images)

Maurice လို့ အမည်ပေးထားတဲ့ ကြက်ဖရဲ့ မနက်အစောစော တွန်သံဟာ အနှောင့်အယှက်ဖြစ်စေတယ်လို့ အဆိုပါကြက်ဖကို မွေးမြူထားတဲ့ အိမ်အနီးရှိ အားလပ်ရက် အပန်းဖြေနေအိမ်ပိုင်ရှင် အငြိမ်းစား စုံတွဲတစ်တွဲက စွပ်စွဲခဲ့ကြပါတယ်။

ကြက်ဖတွန်သံနဲ့ပတ်သက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြတဲ့ အဆိုပါ သတင်းဖြစ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့လူသိများခဲ့ပြီး ကြက်ဖကို ထောက်ခံအားပေးသူတွေ အများအပြားရှိခဲ့ပါတယ်။ တရားရုံးမှာ အမှုကိစ္စ အနိုင်ရခဲ့ပြီးနောက် ကြက်ဖပိုင်ရှင် Corinne Fesseau ဟာ အလွန်ကျေနပ်ပျော်ရွှင်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

"ဒါက ကျွန်မလို အခြေအနေတူ ကြုံတွေ့ရသူတွေ အားလုံးအတွက် အောင်ပွဲတစ်ခုပါပဲ၊ ဒီလိုအမှုတွေအတွက် ဥပမာပြုရတဲ့ တရာစီရင်ထုံးတစ်ခု ဖြစ်လာမယ်လို့လည်း ကျွန်မ မျှော်လင့်ပါတယ်" လို့ Corinne Fesseau ရဲ့ ပြောကြားမှုကို AFP သတင်းက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အမှုကိစ္စ ကြားနားမှုတစ်ခုမှာ ကြက်ဖပိုင်ရှင်အမျိုးသမီးရဲ့ ရှေ့နေတွေက ယခု တရားစွဲဆိုမှုဟာ ရယ်စရာကောင်းကြောင်းနဲ့ ကြက်ဖတွေဟာ ပြင်သစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ လျှောက်လှဲခဲ့ကြပါတယ်။

(Photo: AFP/Getty Images)

ကြက်ဖပိုင်ရှင် Corinne Fesseau ဟာ ပြင်သစ်နိုင်ငံ Oléron ကျွန်းမှာ နေထိုင်လာခဲ့တာ ၃၅ နှစ်ကြာခဲ့ပြီဖြစ်ပြီး အမှုကိစ္စမှာ ရှုံးနိမ့်ခဲ့ပါက ပြောင်းရွှေ့ရ သို့မဟုတ် သူမရဲ့ကြက်ဖ Maurice ကို အသံတိတ်စေရန် ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ သို့သော် ယခုအခါမှာတော့ အမှုနိုင်သွားခဲ့တာကြောင့် ကြက်ဖပိုင်ရှင် Corinne Fesseau ဟာ တရားလိုများထံမှ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁,၁၀၀ (မြန်မာကျပ်ငွေ ၁၇ သိန်းနီးပါး) ရရှိမယ်လို့ သူမရဲ့ရှေနေက ယနေ့ (စက်တင်ဘာ ၅ ရက်) ပြောပါတယ်။

(Photo: AFP/Getty Images)

ကြက်ဖတွန်သံ အမှုကိစ္စနဲ့ပတ်သက်ပြီး ကြက်ဖဘက်မှ ထောက်ခံအားပေးကြောင်း အွန်လိုင်းမှာ "Save Maurice" အမည်ဖြင့် လက်မှတ်များ စုဆောင်းကောက်ခံခဲ့ရာ လက်မှတ် ၁၄၀,၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုအမှုဖြစ်လာခဲ့ရာမှ အသက်လေးနှစ်သား ကြက်ဖ Maurice ဟာ ပြင်သစ်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ ပြင်သစ်မှာ ကြက်ဖဟာ နိုင်ငံရဲ့ သင်္ကေတွေအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က