သမ္မတမိုရာလက်စ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် လမ်းမတွေပေါ်မှာ ချက်ချင်း အောင်ပွဲခံခဲ့ကြပါတယ်။
Ko John

ဘိုလီးဗီးယားနိုင်ငံမှာ ဆန္ဒပြမှုတွေ သီတင်းသုံးပတ်ကြာ ဖြစ်ပွားနေခဲ့ပြီးနောက် သမ္မတ အီဗိုမိုရာလက်စ် ရာထူးမှနုတ်ထွက်သွားကြောင်း သိရပါတယ်။

(သမ္မတရာထူးမှ နုတ်ထွက်သွားသည့် မိုရာလက်စ်) (Photo: Juan Karita/AP)

သမ္မတရွေးကောက်ပွဲမှာ မိုရာလက်စ် ပြန်လည်ရွေးကောက်ခံခဲ့ရမှုအပေါ် အငြင်းပွားမှုတွေ ရှိနေခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး မသမာမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတမိုရာလက်စ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကပါ ထောက်ခံခြင်းမပြုတော့တာလည်း ဖြစ်ပါတယ်။

လက်ဝဲဝါဒီ မိုရာလက်စ်က သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) မှာ ကြေညာခဲ့ပါတယ်။ မိုရာလက်စ် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် ဝမ်းသာပျော်ရွှင်နေကြတဲ့ ဘိုလီးဗီးယားပြည်သူတွေက လာပက်ဇ်မြို့တော် လမ်းမတွေပေါ်မှာ မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး နိုင်ငံအလံများဝှေ့ယမ်းကာ ချက်ချင်း အောင်ပွဲခံခဲ့ကြပါတယ်။

(သမ္မတရွေးကောက်ပွဲဝင် အတိုက်အခံ ကိုယ်စားလှယ်လောင်း ကားလို့စ်) (Photo: AFP/Getty Images)

"ဘိုလီဗီးယားနိုင်ငံသားတွေက ကမ္ဘာကြီးကို သင်ခန်းစာတစ်ခု ပေးလိုက်တာပဲ၊ မနက်ဖြန်မှာ ဘိုလီးဗီးယားက နိုင်ငံသစ်တစ်ခု ဖြစ်လာပါမယ်" လို့ ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံ ကိုယ်စားလှယ်လောင်းဖြစ်သူ သမ္မတဟောင်း ကားလို့စ်မီဆာက ပြောပါတယ်။

သမ္မရာထူးမှ နုတ်ထွက်သွားတဲ့ လက်ဝဲဝါဒီ မိုရာလက်စ်ရဲ့ ကာလရှည်ကြာ မဟာမိတ်တွေဖြစ်တဲ့ ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကတော့ ဘိုလီးဗီးယားဖြစ်ရပ်ကို ရှုတ်ချခဲ့ကြပြီး အာဏာသိမ်းမှုအဖြစ် ပြေဆိုခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ မိုရာလက်စ်ဟာ ယခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း ကျဥ်းမြောင်းတဲ့ မဲရလဒ်ဖြင့်အနိုင်ရပြီး ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

(မိုရာလက်စ်ကို မထောက်ခံတော့သည့် ရဲတပ်ဖွဲ့) (Photo: Sky News)

သို့သော် အတိုက်အခံဘက်က မဲရေတွက်ရာမှာ မသမာမှုတွေရှိခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် သီတင်းသုံးပတ်ကြာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဆန္ဒပြမှုများအတွင်း လူသုံးဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲပါတယ်။ သမ္မတမိုရာလက်စ်အပြင် ဒုတိယသမ္မတ အယ်လ်ဗာရို ဂါစီယာ လီနီရာနဲ့ လွှတ်တော်ဥက္ကဌ အက်ဒရီယာနာ ဆဲလ်ဗာတီရာတို့လည်း ရာထူးမှနုတ်ထွက်ကြောင်း သိရပါတယ်။ ဘိုလီးဗီးယားနိုင်ငံဟာ တောင်အမေရိက အလယ်ပိုင်းမှာတည်ရှိပြီး ၂၀၁၇ ခုနှစ် စာရင်းအရ လူဦးရေ ၁၁ သန်းကျော်ရှိပါတယ်။


Source: Sky News


ဆက်စပ်အကြောင်းအရာများ


က္က