၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း တစ်ကြိမ်တည်းမှာ ပြင်သစ်စစ်သား အများဆုံး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

မာလီနိုင်ငံမှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတစ်ခုအတွင်း ရဟတ်ယာဥ်ချင်း တိုက်မိခဲ့မှုကြောင့် ပြင်သစ်စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

(Tiger တိုက်ခိုက်ရေးရဟတ်ယာဥ်) (Photo: Michele Cattani/AFP via Getty Images)

ယခုဖြစ်ရပ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း ပြင်သစ်စစ်တပ်အတွက် တစ်ကြိမ်တည်းမှာ စစ်သားအများဆုံး သေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။ ရဟတ်ယာဥ် တစ်စီးနဲ့တစ်စီး မည်သို့တိုက်မိခဲ့ကြကြောင်းကို စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပါတယ်။ ဘူကီနာဖာဆိုနဲ့ နိုင်ဂျာ နယ်စပ်အနီးမှာ တနင်္ဂလာနေ့ (နိုဝင်ဘာ ၂၅ ရက်) ဒေသစံတော်ချိန် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်က ရဟတ်ယာဥ်နှစ်စီး တိုက်မိခဲ့ကြကြောင်း သိရပါတယ်။



အဆိုပါ စစ်ဘက်ရဟတ်ယာဥ်တွေက စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ မြေပြင်တပ်ဖွဲ့များ အားဖြည့်စစ်ကူးပေးနေစဥ် တိုက်မိခဲ့ကြတယ်လို့ ပြင်သစ်စစ်တပ်က ပြောပါတယ်။ Tiger တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ Cougar စစ်ဘက်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တို့ ပျံသန်းနေစဥ်အတွင်း တိုက်မိခဲ့ကြပါတယ်။

(မာလီမှာတွေ့ရသည့် ပြင်သစ်စစ်သားများ) (Photo: AP)

Tiger တိုက်ခိုက်ရေးရဟတ်ယာဥ်က ဆိုင်ကယ်များနဲ့ ပစ်ကပ်ထရပ်ကားများဖြင့် ထွက်ပြေးခဲ့ကြတဲ့ စစ်သွေးကြွတွေနောက်ကိုလိုက်နေစဥ် Cougar ရဟတ်ယာဥ်နဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဥ်နှစ်စီးဟာ တိုက်မိပြီးနောက် တစ်စီးနဲ့တစ်စီး မလှမ်းမကမ်းနေရာမှာ ပျက်ကျခဲ့ကြပြီး ကွန်မန်ဒိုတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ အရာရှိတစ်ဦး အပါအဝင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သေဆုံးခဲ့သူတွေအနက် ပြင်သစ်လွှတ်တော်အမတ် Jean-Marie Bockel ရဲ့ သားဖြစ်သူလည်း ပါဝင်ခဲ့တယ်လို့ နိုင်ငံရေးသမားတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ၁၉၈၆ ခုနှစ်က ပြင်သစ်စစ်တပ်ရဲ့ ပင်လယ်ပြင်ကင်းထောက်လေယာဥ်တစ်စီး ဂျီဘူတီနိုင်ငံမြောက်ပိုင်း တောင်တန်းတစ်ခုပေါ်သို့ ပျက်ကျမှုကြောင့် စစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း တစ်ကြိမ်းတည်းဖြင့် ပြင်သစ်စစ်သား အများဆုံး သေဆုံးမှုလည်း ဖြစ်ခဲ့ပါတယ်။

(မာလီမှာတွေ့ရသည့် ပြင်သစ်စစ်ဘက်ရဟတ်ယာဥ်) (Photo: Daphne Benoit/AFP via Getty Images)

၂၀၁၃ ခုနှစ်ကတည်းက မာလီနိုင်ငံမှာ ပြင်သစ်စစ်သား ထောင်နဲ့ချီ ဖြန့်ကျက်ချထားပြီး စစ်သွေးကြွတွေကို တိုက်ခိုက်နေပါတယ်။ ပြင်သစ်ရဲ့အကူအညီဖြင့် မာလီစစ်တပ်က နိုင်ငံမြောက်ပိုင်းနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ လုံခြုံရေးအခြေအနေ စိတ်မချရမှုနဲ့ အိမ်နီးချင်းနိုင်ငံများကို အကြမ်းဖက်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်။ ယခုအခါ မာလီ၊ မာရီတေးနီးယား၊ နိုင်ဂျာ၊ ဘူကီနာဖာဆိုနဲ့ ချတ်ဒ်နိုင်ငံတွေရဲ့ အစိုးရတပ်ဖွဲ့တွေကို ကူညီရန်အတွက် ပြင်သစ်စစ်သား ၄,၅၀၀ ကို ဖြန့်ကျက်ချထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က