မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲပစ်ခဲ့ပါတယ်။
Ko John

သမ္မတမွန်ဂျေအင်းကို မြောက်ကိုရီးယားက လတ်တ‌လော ဝေဖန်ပြစ်တင်မှုဟာ အသိတရားမဲ့မှုဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ဆင်ခြင်တုံတရားမရှိတဲ့ အပြုအမူကို လက်ခံတော့မှာ မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတအိမ်ပြာတော်က ယနေ့ (ဇွန် ၁၇ ရက်) ပြောကြားလိုက်ပါတယ်။

(မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲပစ်ခဲ့စဥ်) (Photo: Rodong Sinmun)

မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲပစ်ခဲ့ပြီး နောက်တစ်ရက်မှာ အိမ်ပြာတော်ရဲ့ ပြောဆိုမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတမွန်ဂျေအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက ဝေဖန်မှုတွေဟာ ရိုင်းပျပြီး အသိတရားမဲ့မှုဖြစ်ကာ နှစ်နိုင်ငံခေါင်းဆောင်များ တည်ဆောက်ခဲ့တံ ယုံကြည်မှုကို အခြေခံအားဖြင့် ပျက်စီးစေခဲ့တယ်လို့ အိမ်ပြာတော်ပြောခွင့်ရအမျိုးသား ယွန်ဒိုဟန်းက ပြောခဲ့ပါတယ်။

လတ်တလော တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်းရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်နဲ့ ထောက်လှမ်းရေး အကြီးအကဲတို့ကို မြောက်ကိုရီးယားသို့ စေလွှတ်မယ်လို့ တနင်္လာနေ့ (ဇွန် ၁၅ ရက်) က ကမ်းလှမ်းထားခဲ့ပါတယ်။ သို့သော် ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက ထိုကမ်းလှမ်းချက်ကို ပရိယာယ်တွေပါပြီး အန္တရာယ်ရှိတဲ့ ကမ်းလှမ်းမှုအဖြစ် ပယ်ချခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာနက KCNA က ပြောပါတယ်။

(ကင်မ်ယိုဂျုံနှင့် မွန်ဂျေအင်း တွေ့ဆုံခဲ့စဥ်) (Photo: AP)

"တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ ညံ့ဖျင်းမှုနဲ့ တာဝန်မဲ့မှုကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံကြား အကျပ်အတည်းကို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်းနဲ့ ထိုက်သင့်တဲ့ တန်ဖိုးပေးဆပ်မှသာ ထိုအကျပ်အတည်းကို အဆုံးသတ်နိုင်မယ်" လို့ KCNA က ဆိုပါတယ်။

ကင်မ်ယိုဂျုံကလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို KCNA ရဲ့ နောက်ထပ် ထုတ်ပြန်ချက်တစ်ခုမှာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ မွန်ဂျေအင်းဟာ ၂၀၁၈ သဘောတူညီချက်တွေရဲ့ တစ်ခုတလေကိုမျှ အကောင်မဖော်နိုင်ခဲ့ကြောင်းနဲ့ အမေရိကန် အလိုကျ ကြိုးဆွဲရာလုပ်နေကြောင်း ကင်မ်ယိုဂျုံက ဝေဖန်ပြောဆိုခဲ့ပါတယ်။

(ကင်မ်ဂျုံအန်၊ ဒေါ်နယ်ထရန်နှင့် မွန်ဂျေအင်း) (Photo: KCNA)

တောင်ကိုရီးယားသမ္မ မွန်ဂျေအင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်န့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ကြား စေ့စပ်ဖျန်ဖြေသူတစ်ဦးရဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ထိပ်သီးဆွေးနွေးပွဲများ ဦးဆောင်စီစဥ်ခဲ့ပါတယ်။ သို့သော် အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ကြား အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုမရခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။


က္က