ကင်မ်အီလ်ဆွန်းရဲ့ မွေးနေ့ဂုဏ်ပြုအခမ်းအနားမှာ မမြင်တွေ့ခဲ့ရပြီးနောက် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအပေါ် ခန့်မှန်းမှုတွေ မြင့်တက်နေခဲ့ပါတယ်။

လတ်တလော ရက်များအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။

ထွက်ပေါ်ခဲ့တဲ့ သတင်းအချို့

အသက် ၃၆ နှစ်အရွယ် ကင်မ်ဂျုံအန်ဟာ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းဖြစ်နေကြောင်း CNN သတင်းဌာနက အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေးနဲ့ နီးစပ်မှုရှိတဲ့ ဒုတိယ သတင်းရင်းမြစ်ကလည်း အမေရိကန်အစိုးရက ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေ သတင်းတွေကို အနီးကပ် စောင့်ကြည်နေကြောင်း CNN ကို ပြောခဲ့ပါတယ်။



နောက်ထပ် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကလည်း ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုများရှိနေတာ မှန်ကန်ကြောင်း သို့သော် အခြေအနေ မည်မျှပြင်းထန်ကြောင်းကိုမူ သိရှိနိုင်ရန်ခက်ခဲကြောင်း CNN ကို ဧပြီ ၂၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ကတော့ အမေရိကန်အစိုးရက ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်ကို ဧပြီ ၁၅ ရက်နေ့က ၎င်းရဲ့အဘိုးဖြစ်သူနဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားမှာ မမြင်တွေ့ခဲ့ရပြီးနောက် ကျန်းမာရေးကိစ္စအပေါ် ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေ အန္တရာယ်ရှိနေကြောင်း သတင်းကို မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံသူတွေရဲ့ Daily NK ဝက်ဘ်ဆိုက်က ပထမဆုံး ဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် ဧပြီ ၂၁ ရက် နှောင်းပိုင်းမှာတော့ ထိုဝက်ဘ်ဆိုက်က ယခင်သတင်းဟာ မှားယွင်းနေကြောင်း ပြောကြားပြီး ပြင်ဆင်ထားကြောင်း ရေးသားဖော်ပြပါတယ်။

နှလုံးခွဲစိတ်မှုခံယူခဲ့ရ

Daily NK က ပြင်ဆင်ဖော်ပြထားမှုအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ မကြာသေးမီက နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ပြုံယမ်းမြို့ပြင်ရှိ အပန်းဖြေစံအိမ်တစ်ခုမှာ ဆက်လက် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ထို့အတူ ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သတင်းဟာ မမှန်ကန်ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်တစ်ခုနဲ့ တရုတ်ထောက်လှမ်းရင်းမြစ်များက ပြောထားပါတယ်။

ကင်မ်ဂျုံအန်ဟာ ဧပြီ ၁၂ ရက်နေ့က Hyangsan ဆေးရုံမှာ နှလုံးခွဲစိတ်ကုသမှုခံယူခဲ့တယ်လို့ Daily NK က မြောက်ကိုရီးယားနိုင်ငံတွင်းရှိ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့ပါတယ်။ အဆိုပါ ဆေးရုံဟာ North Pyongan ပြည်နယ်ရှိ Myohyang တောင်အနီးမှာတည်ရှိပြီး ကင်မ်မိသားစုအတွက် အထူးသီးသန့်ဆေးရုံလည်း ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ တည်ငြိမ်နေဟုဆို

နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကင်မ်ဂျုံအန်ကို ဆေးရုံအနီးရှိ Hyang San စံအိမ်မှာ ဆရာဝန်တွေက ပြုစု‌စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်ရဲ့ နှလုံးခွဲစိတ်ကုသမှုကို ပြုံယမ်းမြို့ရှိ Kim Man Yoo ဆေးရုံမှ ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး Korean Red Cross အထွေထွေဆေးရုံနဲ့ Pyongyang Medical University တို့မှ ဆရာဝန်များနဲ့အတူ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ Pyongyang Medical University က မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို တာဝန်ယူဆောင်ရွက်လေ့ရှိပါတယ်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေခဲ့ရာ ဆရာဝန်အများစုက ပြုံယမ်းကို ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆရာဝန်အချို့ကသာ ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးကို စောင့်ကြည့်ရန် ဆက်နေခဲ့ကြကြောင်း Daily NK သတင်းက ဖော်ပြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့် ၃၀ နီးပါးက အခြား လုံခြုံရေးအစောင့်တွေနဲ့အတူ Hyang San စံအိမ်ကို စောင့်ကြပ်နေကြကြောင်းလည်း သိရပါတယ်။ 

Photos: KCNA, Reuters

Share

Loading Next Article...
က္က