ပစ်သတ်ခဲ့တဲ့ တောင်ကိုရီးယားအမျိုးသားရဲ့ အလောင်းကို မီးရှို့ထားခဲ့တယ်လို့ ဆိုပါတယ်။

‌မြောက်ကိုရီးယားလုံခြုံရေးတပ်ဖွဲ့က ကင်းလှည့်ရေယာဥ်တစ်စီးအနီးမှာ တွေ့ခဲ့ရတဲ့ တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းနဲ့ ထိုလုပ်ရပ်ဟာ တရားလွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၂၄ ရက်) ပြောပါတယ်။

(Photo: AFP)

အသက် ၄၇ နှစ်အရွယ် ငါးလုပ်ငန်းအရာရှိ အမျိုးသားဟာ မြောက်ကိုရီးယားနယ်စပ်ကျွန်းအနီး ရေယာဥ်တစ်စီးပေါ်မှာရှိနေခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စိစစ်ခဲ့ပြီးနောက် "မြောက်ကိုရီးယားက မြောက်ပိုင်းပင်လယ်ရေပြင်မှာ တွေ့ရှိခဲ့တဲ့ တောင်ကိုရီယားနိုင်ငံသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း" တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။



"ဒီဖြစ်ရပ်အတွက် အလုံးစုံ တာဝန်ရှိကြောင်း ကျွန်ုပ်တို့ မြောက်ကိုရီးယားကို ပြင်းထန်စွာ သတိပေးပါတယ်" လို့လည်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ချက်မှာ ဖြည့်စွက် ပြောထားပါတယ်။ ပစ်သတ်ခံရတဲ့ တောင်ကိုရီးယား အမျိုးသားဟာ ရေထဲကို မည်သို့ ရောက်ရှိနေခဲ့ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

(Photo: Jeon Heon-kyun/EPA)

အစောပိုင်း သတင်းတွေအရ ပျောက်ဆုံးနေတဲ့ ငါးလုပ်ငန်းအရာရှိးရဲ့ဖိနပ်တွေကို ကင်းလှည့်ရေယာဥ်ပေါ်မှာ တွေ့ရှိခဲ့ရတာကြောင့် ၎င်းဟာ ဘက်ပြောင်းခိုလှုံရန် ကြိုးပမ်းခဲ့တာဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိ ပစ်သတ်ခံရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးပေမဲ့ မြောက်ကိုရီးယားစစ်သားတွေက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အမိန့်ညွှန်ကြားချက်များအရ ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း Yohap သတင်းဌာနက သတင်းရင်းမြစ်တွေရဲ့ ပြောကြားမှုများကို ကိုးကားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်ကိုရီးယားဘက်မှ အမျိုးသားတစ်ဦးက အခိုင်အမာ ခံတပ်ပြုထားတဲ့ နှစ်နိုင်ငံနယ်စပ်ကို ခိုးဖြတ်ခဲ့ကာ မြောက်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့သုံးနှစ်က တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံသွားခဲ့တဲ့ မြောက်ကိုရီးယားတစ်ဦး ဖြစ်နေခဲ့ပါတယ်။

(Photo: Yonhap)

အဆိုပါ အမျိုးသားထံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်ကြောင်း စိုးရိမ်ပူပန်ခဲ့ရာ ထိုဖြစ်ရပ်နောက်ပိုင်း မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ်မြို့ ကေဆောင်ကို lockdown လုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်ဖွဲ့ရဲ့ တောင်ကိုရီးယားဌာနချုပ် အကြီးအကဲ ရောဘတ်အေဘရမ်စ်က အစောပိုင်းမှာ ပြောကြားမှုအရ မြောက်ကိုရီးယားအာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ၎င်းတို့နိုင်ငံသို့ တရုတ်ဘက်မှ ဝင်ရောက်လာသူတွေကို ပစ်သတ်ရန် အမိန့်ပေးထားပြီး နယ်စပ်မှာ အထူးတပ်ဖွဲ့စစ်သားများက ပစ်သတ်ရန် အသင့်ရှိနေတဲ့ ကြားခံဇုန်တစ်ခု သတ်မှတ်ထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ခဲ့ရပြီးနောက် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့သွားခဲ့ပေမဲ့ လက်ရှိအချိန်အထိ ၎င်းတို့နိုင်ငံအတွင်း ကူးစက်မှုတစ်ခုရှိကြောင်းကိုပင် အတည်ပြုထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် တရုတ်နိုင်ငံနဲ့ နယ်စပ်ကို ဇန်နဝါရီလအတွင်း ပိတ်ပင်ခဲ့ပြီး ဇူလိုင်လမှာတော့ အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဖြစ် တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း အစိုးရသတင်းဌာနက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က