တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား လတ်တလော တင်းမာမှုတွေ မြင့်တက်နေပါတယ်။
Ko John

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့တောင်ပိုင်းနယ်စပ်ကိုကျော်ပြီး ဝါဒဖြန့် လက်ကမ်းစာရွက်များ ပေးပို့ရန် အရှိန်မြှင်လုပ်ဆောင်နေကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇွန် ၂၀ ရက်) ပြောပါတယ်။

(ကင်မ်ဂျုံအန်နှင့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ) (Photo: Korea Times)

အဆိုပါ လက်ကမ်းစာရွက်များထဲမှာ ဘက်ပြောင်းခိုလှုံတဲ့ မြောက်ကိုရီးယားတွေနဲ့ တောင်ကိုရီးယားကို ရှုတ်ချထားကြောင်း သိရပါတယ်။ တောင်ကိုရီးယားဘက်မှ လက်ကမ်းစာရွက်များ ပို့လွှတ်မှုကို လက်တုံ့ပြန်ခြင်းအဖြစ် မြောက်ကိုရီးယားက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ ဒေါသထွက်နေတဲ့ မြောက်ကိုရီးယားပြည်သူတွေက လက်ကမ်းစာရွက်မြောက်မြားစွာကို တောင်ကိုရီးယားဘက်သို့ ပို့လွှတ်ရန် တက်ကြွစွာ ပြင်ဆင်နေကြပြီး အမြင့်ဆုံးနေရာအဖြစ် တောင်တန်းတစ်ခုပေါ်မှာ လက်ကမ်းစာရွက်များ စုပုံထားကြတယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။

(ကိုရီးယားနှစ်နိုင်ငံ နယ်စပ်နေရာတစ်ခု) (Photo: Reuters)

"လုပ်ရပ်တိုင်းအတွက် တန်ပြန်လုပ်ရပ် ရှိသင့်တယ်၊ အဲဒီအချိန်ကျမှပဲ ဒီလုပ်ရပ်ကို ကိုယ်တိုင် ကြုံတွေ့ပြီး ဒီလုပ်ရပ်က ဘယ်လောက် မကျေနပ်စရာကောင်းလဲဆိုတာ ခံစားနိုင်မှာပါ" လို့ KCNA က ဆိုပါတယ်။ မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံသူတွေက နယ်စပ်ဖြတ်ကျော်ကာ လက်ကမ်းစာရွက်များ ပို့လွှတ်ပြီး စစ်တပ်လှုပ်ရှားမှုတွေကို ခြိမ်းခြောက်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက အပြစ်တင် ပြောဆိုထားပါတယ်။

လက်ကမ်းစာရွက်များ နိုင်ငံအတွင်းသို့ ပို့လွှတ်နေမှုကို မကျေနပ်တာကြောင့် မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အရေးပေါ် ဆက်သွယ်ရေးတွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါ့အပြင့် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (Demilitarised Zone - DMZ) အတွင်းဝင်ရောက်ရန် မြောက်ကိုရီးယားစစ်တပ်က အလုံးစုံ အဆင့်သင့်ဖြစ်နေပြီလို့ KCNA က ဇွန် ၁၆ ရက်မှာ ပြောထားပါတယ်။

(မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲပစ်ခဲ့စဥ်) (Photo: Rodong Sinmun)

ဇွန် ၁၅ ရက်နေ့မှာတော့ မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပြီး မကျေနပ်ကြောင်း ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံကလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို အပြင်းအထန် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ တောင်ကိုရီးယားသမ္မတအိမ်ပြာတော်က မြောက်ကိုရီးယားရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေကို သည်းခံတော့မှာ မဟုတ်ကြောင်း ပြောလာခဲ့ပါတယ်။

ယခု အခြေအနေတွေ ပေါ်ပေါက်လာပြီး‌နောက် ဘက်ပြောင်းခိုလှုံတဲ့ မြောက်ကိုရီးယားအုပ်စုတစ်ခုက မြောက်ကိုရီးယားဘက်သို့ ဆန်၊ ဆေးဝါးနဲ့ mask များပါတဲ့ ပလတ်စတစ်ပုလင်းတွေ ပေးပို့မယ့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ဇွန် ၁၉ ရက်နေ့မှာ ပြောပါတယ်။ ထိုအုပ်စုက ဇွန် ၂၁ ရက်နေ့မှာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီး ပင်လယ်ထဲသို့ ရာနဲ့ချီတဲ့ ပလတ်စတစ်ပုလင်းများ ပစ်လွှတ်ရန် မူလက စီစဥ်ထားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


က္က