၂၀၁၆ ခုနှစ်မှာ မိသားစုနဲ့အတူ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့သူ ဖြစ်ပါတယ်။
Ko John

ဧပြီ ၁၅ ရက် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲမှာ မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံလာသူတစ်ဦး လွှတ်တော်အမတ်နေရာအတွက် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

Thae Yong-ho အမည်ရှိ နိုင်ငံရေးသမား တောင်ကိုရီးယားရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပထမဆုံး ဘက်ပြောင်းခိုလှုံသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၎င်းဟာ တစ်ချိန်က ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မိသားစုနဲ့အတူ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

Thae Yong-ho ဟာ ဘက်ပြောင်းခိုလှုံခဲ့သူတွေအနက် ရာထူးအကြီးဆုံး မြောက်ကိုရီးယားအစိုးရအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ Thae Yong-ho တောင်ကိုရီးယားရွေးကောက်ပွဲမှာ အတိုက်အခံပါတီ United Future ရဲ့ အဓိက ကိုယ်စားလှယ်လောင်းအဖြစ် ဆိုးလ်မြို့တော် လူကုံထံ အသိုင်းအဝိုင်းများ နေထိုင်ကြတ့ ဂန်နမ်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: PA)

၎င်းဟာ မဲအရေအတွက် ၅၈.၄ ရာခိုင်နှုန်းဖြင့် အနိုင်ရကြောင်း သိရှိရပြီးနောက် ငိုကြွေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားရွေးကောက်ပွဲမှာ အနိုင်ရရှိမှုဟာ မြောက်ကိုရီးယားမှ ဩဇာရှိသူတွေကို ၎င်းတို့အနေနဲ့ အစိုးရကို ကျောခိုင်းခဲ့ပါက ဘာဖြစ်နိုင်ကြောင်း သတင်းစကားပါးမှု ဖြစ်တယ်လို့ Thae Yong-ho က ဆိုပါတယ်။ "သူတို့အနာဂတ်အတွက် လမ်းသစ်တစ်ခုရှိတယ်ဆိုတာ ကျွန်တော် သူတို့ကို ပြောချင်ပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

(Photo: Getty Images)

ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေစဥ် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ မဲပေးပိုင်ခွင့်ရှိသူ ၆၆.၂ ရာခိုင်နှုန်းအထိ လာရောက်မဲပေးခဲ့ကြပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ခဲ့ပါတယ်။ ယခုရွေးကောက်ပွဲမှာ သမ္မတမွန်ဂျေအင်းရဲ့ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၁၆၀ မှာ အနိုင်ရခဲ့ပါတယ်။ ၎င်းရဲ့ မိတ်ဖက်ပါတီကလည်း အမတ်နေရာ ၁၇ နေရာမှာ အနိုင်ရရှိခဲ့ရာ နှစ်ပါတီပေါင်း အမတ်နေရာ ၁၈၀ အထိ ရှိလာမယ်လို့ သိရပါတယ်။


က္က