မြောက်ကိုရီးယားက နိုင်ငံအတွင်း COVID-19 ကူးစက်မှုတွေ့ရှိရကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Ko John

မြောက်ကိုရီးယားနိုင်ငံက COVID-19 ကပ်ရောဂါ ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို ပြန်ဖွင့်တော့မယ်လို့ ယနေ့ (ဇွန် ၁ ရက်) သတင်းတွေက ပြောပါတယ်။

(Photo: KCNA via Reuters)

မြောက်ကိုရီးယားက COVID-19 ကူးစက်မှုတွေ့ရှိရကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ဘဲ နယ်စပ်ပိတ်ထားခြင်းနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သီးခြားခွဲထားခြင်း အပါအဝင် တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားမှာ စာသင်နှစ်သစ်ကို မူလက ဧပြီလအစောပိုင်း စတင်ရန် စီစဥ်ထားခဲ့တာဖြစ်ပေမဲ့ အကြိမ်ကြိမ် ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ အထက်တန်းကျောင်း အချို့ကိုတော့ ဧပြီလလယ်ပိုင်းမှာ ပြန်ဖွင့်ခွင့်ပေးထားခဲ့ပါတယ်။

"တစ်နိုင်ငံလုံးမှာ ဇွန်လအစောပိုင်းမှစပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း စာသင်နှစ်သစ် စတင်သွားမှာ ဖြစ်ပါတယ်၊ နေ့ကလေးထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်ထားပါတယ်" လို့ မြောက်ကိုရီးယား အစိုးရရဲ့ ရေဒီယိုသတင်းကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန Yonhap က ပြောပါတယ်။

(Photo: KCNA via Reuters)

"စာသင်ကျောင်းနဲ့ စာသင်းခန်းတိုင်းနဲ့ ရုံးခန်းတွေရဲ့ ဝင်ပေါက်တွေမှာ ကိုယ်ပူချိန်တိုင်းကိရိယာတွေနဲ့ လက်သန့်ဆေးရည်များ ပြင်ဆင်ဖြည့်ဆည်းထားရန် ပညာရေးဆိုင်ရာ အာဏာပိုင်တွေကို ပြောထားပါတယ်။ စာသင်ကျောင်းနဲ့ နေ့ကလေးထိန်းဌာန ဝန်ထမ်းတွေကိုလည်း ဗိုင်းရပ်စ်တိုက်ဖျက်ရေး စည်းမျဥ်းစည်းကမ်းများ လိုက်နာကြရန် အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားခဲ့တဲ့ COVID-19 ကူးစက်မှုကို နိုင်ငံအတွင်း မဖြစ်ပွားစေရန် မြောက်ကိုရီးယားက တားဆီးနိုင်ခဲ့ဖွယ်မရှိဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၆.၂ သန်းကျော်၊ သေဆုံးသူ ၃၇၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က