ဘတ်စ်ကား အတက်အဆင်းနေရာအနီး ကြမ်းခင်းကနေ ကျွံကျသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kelantan ပြည်နယ်မှာ ဆွေးမြည့်နေတဲ့ ဘတ်စ်ကားကြမ်းခင်းကျွံပြီး ပြုတ်ကျမှုကြောင့် ဇူလိုင် ၄ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: New Straits Times)

Wan Muhammed Adam Mohd Suria အမည်ရှိ ကျောင်းသားလေးဟာ Kelantan ပြည်နယ်ရှိ ၎င်းရဲ့ စာသင်ကျာင်းကနေ သူငယ်ချင်းတွေနဲ့အတူ Terengganu ပြည်နယ်မှာ Universiti Teknologi Mara တက္ကသိုလ်က စီစဉ်ပြုလုပ်တဲ့ အင်္ဂလိပ်စာ နှစ်ရက်သင်တန်းကို တက်ရောက်ရန် ဘတ်စ်ကားဖြင့် သွားရောက်နေခဲ့စဉ် မတော်တဆမှု ဖြစ်ပွားခဲတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။



Adam နဲ့ ၎င်းရဲ့သူငယ်ချင်းတွေက ဘတ်စ်ကား အတက်အဆင်းနေရာအနီးမှာ မတ်တပ်ရပ် လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။ ထို့နောက် Adam ရပ်နေတဲ့နေရာမှ ဘတ်စ်ကားကြမ်းခင်းက ရုတ်တရက် ကျွံကျသွားခဲ့ရာ Adam ဟာ ဟန်ချက်ပျက်ပြီး ဘတ်စ်ကားအောက်ကို ပြုတ်ကျသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက New Straits Times သတင်းဌာနကို ပြောပါတယ်။ Adam ဟာ ဘတ်စ်ကားပေါ်က ပြုတ်ကျခဲ့ပြီးနောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

(Photo: Bernama)

"သူ့သူငယ်ချင်းတွေကလည်း ဒီလိုဖြစ်ပြီးမှ ဘတ်စ်ကားကြမ်းခင်း ဆွေးမြည့်နေတာ သိခဲ့ကြတာ၊ အဲဒီကြမ်းခင်းနေရာမှာ ပစ္စည်းတွေကဖုံးနေတယ်လေ" လို့ မျက်မြင်တွေ့ရှိခဲ့သူက ဆိုပါတယ်။ ဆွေးမြည့်နေတဲ့ ဘတ်စ်ကားကြမ်းခင်းကျွံကျမှုကြောင့် သေဆုံးခဲ့ရတဲ့ Adam ဟာ အားကစားဝါသနာပါသူဖြစ်ပြီး ကျောင်းလက်ရွေးစင်အဖြစ် ဒေသတွင်း ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ မိသားစုက ပြောပါတယ်။

(Photo: Bernama)

အသက် ၄၄ နှစ်အရွယ် Adam ရဲ့မိခင် Nik Hasmani Mohamad က သူမရဲ့သားဟာ စစ်တုရင်၊ ဘောလုံးနဲ့ ဘောလီဘော အားကစားတွေကို ဝါသနာပါပြီး ပြိုင်ပွဲမျိုးစုံမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်တွေလည်းရခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ "သူက ကျောင်းမှာလည်း စာတော်ပြီး လိမ္မာတဲ့ကလေးပါ၊ ကျေးဇူးပြုပြီး ဒီအဖြစ်ကို စုံစမ်းစစ်ဆေးပေးကြပါ၊ ဘတ်စ်ကားက ဘာဖြစ်ခဲ့တာလဲ၊ မတော်တဆမှုဖြစ်တုန်းက ဘတ်စ်ကားထဲမှာ ဒီကျောင်းသားတွေကို ကြီးကြပ်ဦးဆောင်တဲ့ လူကြီးသုံးယောက် ရှိနေခဲ့သလား" လို့ Adam ရဲ့မိခင်က မေးခွန်းထုတ်ရင်း စုံစမ်းစစ်ဆေးရန် တောင်းဆိုပြောကြားခဲ့ပါတယ်။

(Photo: New Straits Times)

"တစ်ကယ်လို့ သူတို့က ပေါ့ဆခဲ့တာဆိုရင် ကျွန်မတို့ စီစဉ်သူနဲ့ ဘတ်စ်ကားကုမ္ပဏီကို တရားစွဲရမှာပါ၊ ဒီဘတ်စ်ကားက တရားဝင် လုပ်ငန်းခွင့်ပြုချက်ရှိလားဆိုတာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသင့်ပါတယ်" လို့ အသက် ၂၂ နှစ်အရွယ် Adam ရဲ့အစ်မ Wan Nur Fazleen Amirah က ပြောပါတယ်။ သေဆုံးခဲ့တဲ့ Adam ရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးပြီးနောက် ယမန်နေ့ညမှာ မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။ Kelantan ပြည်နယ် ပညာရေးဌာနက ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မကြာမီ ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က