၁၀ ရက်ကြာပြီးနောက် အလောင်းပြန်ရှာတွေ့ခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ အပန်းဖြေခရီးထွက်စဉ် ၁၀ ရက်ကြာ ပျောက်ဆုံးနေခဲ့ နိုရာအန်းကွာရင်ရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့အနေနဲ့ ပြင်သစ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီမယ့် ကမ်းလှမ်းမှုကို လက်ခံသင့်ကြောင်း မိသားစုရဲ့ရှေ့နေက ယမန်နေ့ (သြဂုတ် ၁၄ ရက်) မှာ ပြောကြားပါတယ်။

(နိုရာရဲ့အလောင်းကို သယ်ဆောင်လာစဉ်) (Photo: Reuters)

အဝတ်အစားမဲ့နေတဲ့ နိုရာရဲ့ အလောင်းကို သူမနဲ့မိသားစု အပန်းဖြေခရီး လာရောက်ခဲ့ကြတဲ့ Dusun အပန်းဖြေစခန်းမှ ၁.၅ မိုင်ခန့်အကွာ စမ်းချောင်းငယ်တစ်ခုဘေးမှာ ပါဝင်ကူညီရှာဖွေပေးနေတဲ့ စေတနာ့ဝန်ထမ်းအုပ်စုတစ်ခုက အင်္ဂါနေ့ (သြဂုတ် ၁၃ ရက်နေ့) မှာ ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ် နိုရာဟာ ပြင်သစ်လူမျိုးဖခင်နဲ့ အိုင်းရစ်လူမျိုးမိခင်တို့နဲ့အတူ လန်ဒန်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။



နိုရာဟာ တစ်ဦးတည်း လွတ်လပ်စွာ လမ်းလျှောက်သွားလာနိုင်သူ မဟုတ်ဘူးလို့ဆိုပါတယ်။ သူမတို့ မိသားစုဟာ ကွာလာလမ်ပူမြို့တောင်ဘက် ၄၃ မိုင်ကျော်အကွာ ဆီရမ်ဘန်ဒေသ Titiwangsa တောင်ခြေနဲ့ မိုးသစ်တောဘေးမှာရှိတဲ့ Dusun အပန်းဖြေစခန်းကို သြဂုတ် ၃ ရက်နေ့မှာ ရောက်ရှိခဲ့ကြပါတယ်။

(နိုရာတို့သားအမိနှစ်ဦး) (Photo: PA)

ထို့နောက် သြဂုတ် ၄ ရက် မနက် ၈ နာရီခွဲမှာတော့ နိုရာ ပျောက်ဆုံးနေတာ မိသားစုက သိရှိသွားခဲ့ပြီး သူမ အိပ်နေခဲ့တဲ့ အခန်းပြတင်းပေါက်ကိုလည်း ပွင့်လျက်သားတွေ့ခဲ့ရပါတယ်။ နိုရာ ပျောက်ဆုံးမှုသတင်းကို မီဒီယာတွေမှာ အလေးပေးဖော်ပြလာကြပြီး အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။

နိုရာကို လိုက်လံရှာဖွေကြရမှာ ရဟတ်ယာဉ်နဲ့ သက်ဆိုင်ရာဌာနအသီးသီးမှ ရှာဖွေရေးအဖွဲ့ဝင် ၂၀၀ နီးပါးနဲ့ စေတနာ့ဝန်ထမ်း ပါဝင်ကူညီသူများ ပါဝင်ခဲ့ကြပါတယ်။ နိုရာကို ရှာဖွေတွေ့ရှိနိုင်ရေး သတင်းပေးသူကိုလည်း မလေးရှားရင်းဂစ် ၅၀,၀၀၀ ဆုငွေပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

(နိုရာရဲ့အလောင်းကို တွေ့ရှိခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းအုပ်စု) (Photo: Gusao Valiente)

ထိုသို့ အပူတပြင်းရှာဖွေခဲ့ပြီးနောက်မှာတော့ နိုရာရဲ့ အလောင်းကို စမ်းချောင်းငယ်တစ်ခုဘေးမှာ သြဂုတ် ၁၃ ရက်နေ့က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ နိုရာရဲ့အလောင်းကို Huanku Jaafar ဆေးရုံမှာ ထိုနေ့မနက် ၁၁ နာရီ ၄၅ မိနစ်မှာ စတင်စစ်ဆေးခဲ့ကြပြီး ည ၉ နာရီအချိန်အထိ စစ်ဆေးမှုမပြီးသေးဘူးလို့ CNA သတင်းက ပြောပါတယ်။

အလောင်းစစ်ဆေးခဲ့ကြတဲ့ ရောဂါဗေဒပညာရှင်တွေကတော့ ည ၉ နာရီ ၂၅ မိနစ်မှာ Huankuk Jaafar ဆေးရုံမှ ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။ သတင်းထောက်တွေကို အလောင်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး ချဉ်းကပ်မေးမြန်းခဲ့ကြပေမဲ့ မှတ်ချက်ပေးပြောကြားခဲ့ခြင်း မရှိပါဘူး။

(ပျောက်ဆုံးနေပြီးနောက် အလောင်းပြန်တွေ့ရတဲ့ နိုရာ) (Photo: AFP)

နိုရာရဲ့ အလောင်းစစ်ဆေးမှုရလဒ်ကို ယနေ့ (သြဂုတ် ၁၅ ရက်) မှာ ထုတ်ပြန်သွားမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောကြားထားပြီး နိုရာ မည်သို့မည်ပုံ သေဆုံးခဲ့ကြောင်း လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

နောက်ဆက်တွဲ သတင်းတွေအရ နိုရာသေဆုံးမှုဟာ ရက်ရှည်ကြာ စိတ်ဖိစီးမှုနဲ့ အစာရေစာ မစားသောက်ရဘဲ ဆာလောင်မွတ်သိပ်မှုတို့ကြောင့် အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ပြီး သေဆုံးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း သိရပါတယ်။ နိုရာဟာ ပြန်ပေးဆွဲခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း အထောက်အထားများ မတွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

(Infographic: AFP)

နိုရာပျောက်ဆုံးမှု အရေးပါတဲ့ ရက်စွဲများ

  • သြဂုတ် ၃ ရက် - နိုရာနဲ့မိသားစုက Dusun တောတွင်းအပန်းဖြေစခန်းကိုရောက်ရှိခဲ့ကြ။
  • သြဂုတ် ၄ ရက် - သူမရဲ့အခန်းကနေ နိုရာ ပျောက်ဆုံးသွားခဲ့။
  • သြဂုတ် ၅ ရက် - မလေးရှားရဲတပ်ဖွဲ့က နိုရာ ပျောက်ဆုံးမှုကို ဖြစ်နိုင်ခြေရှိတဲ့ ပြန်ပေးဆွဲမှုအဖြစ် ကိုင်တွယ်ဆောင်ရွက်။
  • သြဂုတ် ၆ ရက် - နိုရာရဲ့ မိသားစုက သူမ ပြန်ပေးဆွဲခံရတယ်လို့ယုံကြည်ကြောင်း ပြောကြား။
  • သြဂုတ် ၇ ရက် - ရဟတ်ယာဉ်၊ ဒရုန်းနဲ့ လူဦးရေ ၃၀၀ ကျော်ပါဝင်တဲ့ ရှာဖွေရေးလုပ်ငန်း ဆက်လက် ဆောင်ရွက်။
  • သြဂုတ် ၈ ရက် - နိုရာ့မိခင်အသံကို တောထဲသို့ထုတ်လွှင့်ပြီး ရှာဖွေရေးမှာ အထောက်အကူပြုနိုင်ရန် လုပ်ဆောင်။
  • သြဂုတ် ၉ ရက် - ဒရုန်းကိုးခုမှာ ရှာဖွေထောက်လှမ်းရေးကိရိယာများ တပ်ဆင်ပြီး ရှာဖွေရေးဆက်လုပ်။
  • သြဂုတ် ၁၁ ရက် - မလေးရှားရဲတပ်ဖွဲ့က နိုရာအတွက် သတင်းအချက်အလက်ပေးနိုင်ရန် တယ်လီဖုန်းလိုင်း သတ်မှတ်။
  • သြဂုတ် ၁၂ ရက် - နိုရာကို ရှာဖွေရေးအတွက် သတင်းသူအား ဆုငွေ မလေးရှားရင်းဂစ် ၅၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်း။
  • သြဂုတ် ၁၃ ရက် - မွန်းလွဲပိုင်းမှာ နိုရာရဲ့အလောင်းကို စမ်းချောင်းငယ်တစ်ခုဘေးမှာ ရှာဖွေတွေ့ရှိခဲ့ကြ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က