မလေးရှားရဲစခန်းအားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲခြင်းရှိ မရှိ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားရဲအရာရှိ ၁၀၀ ကျော်မှာ မူးယစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်ဟာမစ်ဘာဒေါက ယမန်နေ့ (သြဂုတ် ၂၀ ရက်) မှာ ပြောပါတယ်။

(မူးယစ်ဆေးဝါးအချို့) (Photo: Bernama)

မလေးရှားရဲစခန်းအားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲခြင်းရှိ မရှိ ဆီးနမူနာများရယူပြီး စစ်ဆေးခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။ ယခုကဲ့သို့ ရဲအရာရှိ အများအပြား မူးယစ်ဆေးသုံးထားကြောင်း တွေ့ရှိရမှုအတွက် အံ့သြတုန်လှုပ်မိကြောင်းနဲ့ ရဲတပ်ဖွဲ့အတွင်း မူးယစ်ဆေးသုံးမှု အခြေအနေဟာ စိုးရိမ်စရာနဲ့ အလေးအနက်ထား ဖြေရှင်းရမယ့်အဆင့်ဖြစ်ကြောင်းလည်း ရဲချုပ်အဗ္ဗဒူလ်ဟာမစ်က ပြောခဲ့ပါတယ်။



သြဂုတ် ၁၃ ရက်နဲ့ ၂၀ ရက်ကြား ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ တွေ့ခဲ့ရတဲ့ မူးယစ်ဆေးသုံးစွဲထားမှုတွေအနက် ၈၆ ဦးက မက်သာဖက်တမင်း၊ ခြောက်ဦးက အမ်ဖီတမင်းနဲ့ ဘိန်းဖြူ၊ နှစ်ဦးက ဆေးခြောက်နဲ့ တစ်ဦးက ကီတမင်း မူးယစ်ဆေးများ သုံစွဲထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

(မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်ဟာမစ်) (Photo: Hari Anggara/Malay Mail)

မက်သာဖက်တမင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲအရာရှိ ၃၀ ခန့်ကို ယခုနှစ်အတွင်း ဖမ်းဆီးခဲ့ကြောင်းလည်း အစောပိုင်းမှာ မလေးရှားရဲချုပ်က ပြောထားပါတယ်။ "တစ်ကယ်လို့သာ ဥပဒေသက်ရောက်မှု လိုက်နာမှုအတွက် တာဝန်ယူ ထိန်းကျောင်းဆောင်ရွက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ဒီလို အပြုအမူမျိုးတွေ လုပ်နေကြမယ်ဆိုရင် တိုင်းပြည်မှာ ဘာတွေဖြစ်လာမလဲ" လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

လက်တင်အမေရိကမှာ ရဲတပ်ဖွဲ့ဝင်တွေကြား မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်တက်ခဲ့ဖူးတဲ့ အခြေအနေကိုလည်း ရဲချုပ်က ရည်ညွှန်းခဲ့ပြီး မလေးရှားမှာ မူးယစ်ဆေးကင်းစင်ပပျောက်ရေး ထိရောက်စွာ လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။ မူးယစ်ဆေးနှိမ်နင်းရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဌာနအကြီးအကဲ မိုဟမ်မက် ခါလစ်ခါဒါ မိုဟမ်မက်ကိုလည်း ဆက်လက်ဆောင်ရွက်ရန် ညွန်ကြားချက်များ ပေးထားတယ်လို့ဆိုပါတယ်။

(စစ်ရေးပြအခမ်းအနားမှာ တွေ့ရသည့် မေးလရှားရဲတပ်ဖွဲ့ဝင်များ) (Photo: NST)

မူးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရတဲ့ ရဲအရာရှိတွေဟာ ခြောက်လှန့်တောင်းယူမှုနဲ့ လာဘ်စားမှုတွေရှိခဲ့ကြောင်းနဲ့ ၎င်းတို့က နိုင်ငံခြားသား အလုပ်သမားတွေကို ပစ်မှတ်ထားပုံရကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ မူးယစ်ဆေးသုံးစွဲမှုဟာ ကုန်ကျစရိတ်ကြီးမားပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာဝင်ငွေဖြင့် မလုံလောက်နိုင်တာကြောင့် နောက်ထပ် ငွေရလမ်းတွေကို ရှာဖွေခဲ့ကြဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Ops Blue Devil လို့ မည်ပေးထားတဲ့ အစီအစဉ်ဖြင့် မလေးရှားရဲတပ်ဖွဲ့အတွင်း မူးယစ်ဆေးသုံးစွဲမှုရှိ မရှိ စစ်ဆေးခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၃,၄၃၈ ရဲ့ ဆီးနမူနာတွေကို ရယူစစ်ဆေးခဲ့ပါတယ်။ ထိုသို့ စစ်ဆေးမှုအရ မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်သားများကဲ့သို့ပင် ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း သိရပါတယ်။

Source: Bernama, CNA, Malay Mail

Share

Loading Next Article...
က္က