မိသားစုတွေနဲ့ ကျောင်းသူကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Ko John

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် ဆီဂါမတ်မြို့မှာကျင်းပတဲ့ ၂၀၁၉ ခုနှစ် စိုက်ပျိုးရေးပြပွဲနဲ့ သစ်သီးပွဲတော်နဲ့အတူ ဒူးရင်းသီးစားပြိုင်ပွဲကို ယမန်နေ့ (ဇွန် ၂၉ ရက်) က ပြုလုပ်ခဲ့ပါတယ်။

(Photo: CNA/MediaCorp)

မလေးရှားမှာ ယခုနှစ် ကျင်းပပြုလုပ်တဲ့ စိုက်ပျိုးရေးပြပွဲနဲ့ သစ်သီးပွဲတော်မှာ ဒူးရင်းသီးကို အဓိကထားတဲ့ လှုပ်ရှားမှုတွေပါဝင်ခဲ့ပြီး ပွဲရဲ့ဆောင်ပုဒ်ကိုလည်း Everything Durian လို့ သတ်မှတ်ထားပါတယ်။ အဆိုပါပွဲနဲ့အတူ ဒူးရင်းသီးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအဖြစ် မိသားစုတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဒူးရင်းသီးစားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မိသားစုတွေအတွက် ဒူးရင်းသီးစားပြိုင်ပွဲမှာ မိသားစုတစ်ခုလျှင် မိဘတစ်ဦးနဲ့ ကလေးနှစ်ဦး ပါဝင်နိုင်ပြီး ခုနစ်မိနစ်အတွင်း ဒူးရင်းသီးပမာဏ စားနိုင်သမျှ အများဆုံးစားရပါတယ်။ ဒူးရင်းသီးစားပြိုင်ပွဲကို မိသားစု တစ်ဒါဇင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အသက်အငယ်ဆုံး ၂ နှစ်အရွယ် ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။

(Photo: CNA/MediaCorp)

ပြိုင်ပွဲမှာ ဒိုင်တွေက အသင်းတစ်သင်းစီ သတ်မှတ်ချိန်အတွင်း ဒူးရင်းသီးပမာဏ မည်မျှစားနိုင်ခဲ့ကြောင်းကို စိစစ်တွက်ချက်ပြီး အမှတ်ပေးကြကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင် မိသားစုတွေအနက် အများစုက သတ်မှတ်ချိန် ခုနစ်မိနစ်အတွင်း ဒူးရင်းသီးနှစ်လုံးကုန်အောင် စားနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒူးရင်းသီးစားပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ မိသားစုကတော့ ဆီဂါမတ်မြို့မှဖြစ်ပြီး ခုနစ်မိနစ်အတွင်း ဒူးရင်းသီးလေးလုံးကုန်အောင် စားနိုင်ခဲ့ကြပါတယ်။

(Photo: CNA/MediaCorp)

ဇွန်လ ၂၉ ရက် အစောပိုင်းမှာတော့ ဆီဂါမတ်မြို့ရှိ စာသင်ကျောင်းတွေမှ ကျောင်းသူကျောင်းသား ၃၀ ခန့်ကလည်း ဒူးရင်းသီးစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။ ကျောင်းသူကျောင်းသား လေးဦး သို့မဟုတ် ငါးဦးပါဝင်တဲ့ အသင်းများက ဒူးရင်းသီးစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: CNA/MediaCorp)

ဒူးရင်းသီးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုအဖြစ် ကျောင်းသူကျောင်းသားအဖွဲ့တွေက ဒူးရင်းသီးရုပ်ပုံ အပိုင်းအစများကို ဆက်စပ်ခြင်းနဲ့ ဒူးရင်းသီးပုံကို ဆေးခြယ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ စိုက်ပျိုးရေးပြပွဲနဲ့ သစ်သီးပွဲတော်ကို သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ (ဇွန် ၃၀ ရက်) ပြီးဆုံးကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က