အောက်တိုဘာလအတွင်း အများပြည်သူအတွက် စတင်ဖွင့်လှစ်သွားရန် စီစဉ်ထားပါတယ်။
Ko John

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရှိ ESCAPE ဥယျာဉ်မှာ အသစ်ဖွင့်လှစ်တဲ့ ရေလွှာလျှောက ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

ESCAPE ဥယျာဉ်ကို အကောင်အထည်ဖော်ခဲ့တဲ့ SIM Leisure Group က ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောအဖြစ် တရားဝင်သတ်မှတ်လိုက်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်တင် (Guiness World Record) လက်မှတ်ကို အဆိုပါအဖွဲ့ရဲ့ အကဲဖြတ်အရာရှိထံမှ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၅ ရက်) မှာ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ESCAPE ဥယျာဉ် ရေလွှာလျှောဟာ အစမှအဆုံး ပေပေါင်း ၃,၆၄၅ ပေ (၁,၁၁၁ မီတာ) ရှည်လျားပြီး ဥယျာဉ်အတွင်း အဝါနဲ့အပြာရောင်စပ်ကြား မြွေကြီးတစ်ကောင်သဖွယ် ကွေ့ပတ်တပ်ဆင်ထားပါတယ်။ ရေလွှာလျှောကို ဖိုက်ဘာအားဖြည့် ပေါ်လီမာဖြင့် ပြုလုပ်ထားပြီး စတီးလ်ဒေါက်တိုင်များနဲ့ ထိန်းချုပ်တပ်ဆင်ထားပါတယ်။

အဆိုပါ ရေလွှာလျှောကို အစမှအဆုံး လိုက်ပါစီးမျောပါက အချိန်လေးမိနစ်ကြာပြီး သဘာဝသစ်တောအုပ်ထဲကနေ ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။ ESCAPE ဥယျာဉ်မှ ရေလွှာလျှောကို လာမယ့် အောက်တိုဘာလမှာ အများပြည်သူတွေအတွက် စတင်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောစီးလိုသူတွေ အနေနဲ့ သီးခြား အခကြေးငွေ ထပ်မံပေးဆောင်စရာမလိုဘဲ အပန်းဖြေလည်ပတ်စရာနေရာ ၄၂ ခုရှိတဲ့ ESCAPE ဥယျာဉ်ဝင်ကြေးကိုသာ ပေးရမယ်လို့ CNA သတင်းကဆိုပါတယ်။

ESCAPE ဥယျာဉ်ဝင်ကြေးဟာ အသက် ၁၃ နှစ်မှ ၆၀ နှစ်အရွယ်တွေအတွက် တစ်ဦးလျှင် မလေးရှားရင်းဂစ် ၁၄၇ (မြန်မာကျပ်ငွေ ၅၃,၆၀၀ ကျော်) ကျသင့်မှာဖြစ်ပါတယ်။ အသက် ၄ နှစ်မှ ၁၂ နှစ်အရွယ်အထိ ကလေးတွေနဲ့ အသက် ၆၁ နှစ်အထက် လူကြီးတွေအတွက်ကတော့ မလေးရှားရင်းဂစ် ၉၇ (မြန်မာကျပ်ငွေ ၃၅,၀၀၀ ဝန်းကျင်) ကျသင့်တယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံမှာကဲ့သို့ ပန်းဖြေဥယျာဉ်ထဲမှာ မဟုတ်ဘဲ တောင်စောင်းတစ်လျှောက် တပ်ဆင်ထားတဲ့ ကမ္ဘာ့အရှည်လျားဆုံး ဂင်းနစ်စံချိန်တင် ရေလွှာလျှောကတော့ တရုတ်နိုင်ငံ Lishui မြို့ဧရိယာအတွင်းရှိ Puhuasi တောင်စောင်းမှာရှိပြီး ပေပေါင်း ၈,၉၃၃ ပေရှည်လျားကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။



က္က