1MDB ရန်ပုံငွေအလွဲသုံးစားပြုမှုနဲ့ ဆက်စပ်နေတဲ့ စုံစမ်းမှုအရ စစ်ဆေးမေးမြန်းခံနေရပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ဇနီး ရို့စ်မာမန်ဆာကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Malaysian Anti-Corruption Commission - MACC) က ဖမ်းဆီးလိုက်ကြာင်း သူမရဲ့ရှေ့နေတွေက CNA သတင်းဌာနကို ယနေ့ (အောက်တိုဘာ ၃ ရက်) ပြောပါတယ်။

(ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ဇနီး မန်ဆာ) (Photo: AFP / Sadiq ASYRAF)

ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ဇနီး မန်ဆာကို MACC ရုံးချုပ်မှာ ဖမ်းဆီးထားပြီး အစိုးရပိုင် 1Malaysia Development Berhad (1MDB) ရန်ပုံငွေအလွဲသုံးစားပြုမှုနဲ့ ဆက်စပ်နေတဲ့ စုံစမ်းစစ်ဆေးအရ စစ်ဆေးမေးမြန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၆ ရက်) ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးမှူးတွေက မန်ဆာရဲ့ ထွက်ဆိုချက်တွေကို ၁၃ နာရီကြာ မှတ်တမ်းယူခဲ့ပါတယ်။ 1MDB ဘဏ္ဍာငွေအရှုပ်အထွေးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအဖြစ် ထိုသို့ မေးမြန်းထွက်ဆိုစေခဲ့တာလည်း ဖြစ်ပါတယ်။



မန်ဆာရဲ့ခင်ပွန်း နဂျစ်နဲ့မဟာမိတ်တွေဟာ မေလအတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။

(နဂျစ်နှင့်ဇနီး မန်ဆာ) (Photo: EPA)

မလေးရှားဝန်ကြီးချုပ် တစ်ကျော့ပြန်ဖြစ်လာခဲ့တဲ့ မဟာသီယာမိုဟာမက်က 1MDB မှ ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာငွေတွေကို ပြန်လည်ရရှိအောင်ကြိုးပမ်းပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြောထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ လက်ရှိအချိန်ထိ ငွေကြေးခဝါချမှုမှ အာဏာအလွဲသုံးမှုနဲ့ ရာဇဝတ်မှုမြောက်တဲ့ ယုံကြည်မှုဖောက်ဖျက်မှုအထိ စုစုပေါင်း စွဲချက် ၃၂ ခုနဲ့ ရင်ဆိုနေရပါတယ်။

(မလေးရှားဝန်ကြီးချုပ် မဟာသီယာ) (Photo: SCMP)

ဝန်ကြီးချုပ်မဟာသီယာ ဦးဆောင်တဲ့ မလေးရှားအစိုးရသစ်က 1MDB မှ ပျောက်ဆုံးသွားတဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ဘဏ္ဍာငွေတွေကို ပြန်လည်ရရှိနိုင်ရန် ကြိုးပမ်းမှုအဖြစ် နဂျစ်နဲ့ဇနီးဖြစ်သူတို့ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ နဂျစ်ရဲ့ဇနီး အသက် ၆၆ နှစ်အရွယ် မန်ဆာက တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ ကျောက်မျက်ရတနာများနဲ့ အလျံပယ်ဈေးဝယ်ထွက်ခြင်းတို့ကို နှစ်သက်ပျော်မွေ့သူအဖြစ် ကျော်ကြားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က