မကြာသေးမီကမှ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဥပဒေချိုးဖောက်ကြောင်း စွပ်စွဲချက်ထွက်ပေါ်လာခဲ့ပြီးနောက် ဂျပန်အစိုးရအဖွဲ့မှ ကုန်သွယ်ရေးဝန်ကြီး အစ်ရှူဆူဂါဝါရာက ယနေ့ (အောက်တိုဘာ ၂၅ ရက်) ရာထူးမှနုတ်ထွက်စာတင်ခဲ့ကြောင်း သိရပါတယ်။

(သတင်းထောက်များနဲ့တွေ့ဆုံခဲ့သည့် ဆူဂါဝါရာ) (Photo: Jiji/AFP)

ဆူဂါဝါရာဟာ ဆွေမျိုးရင်းချာတစ်ဦး ကွယ်လွန်သွားတဲ့ ၎င်းကိုထောက်ခံသူ မဲဆန္ဒရှင်တစ်ဦးကို ဂျပန်ယန်းငွေ ၂၀,၀၀၀ (မြန်မာကျပ်ငွေ ၂၈၀,၀၀၀ ကျော်) ထောက်ပံ့ခဲ့ကြောင်းနဲ့ အခြား မဲဆန္ဒရှင်တွေကိုလည်း လက်ဆောင်များပေးခဲ့ကြောင်း အပတ်စဉ်ထုတ် Shukan Bunshun မဂ္ဂဇင်းက စတင်ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ ဆူဂါဝါရာက မဲဆန္ဒရှင်ကိုပေးခဲ့တဲ့ ငွေပမာဏဟာ အနည်းငယ်သာဖြစ်ပေမဲ့ ဂျပန်ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။



မီဒီယာတွေက ဖော်ပြမှုအရ ဆူဂါဝါရာက ၎င်းရဲ့ တိုကျိုမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေကို ဈေးကြီးတဲ့ သခွားမွှေးသီးများ၊ ကဗ္ဗလာသီးများ၊ ငါးဥများနဲ့ Royal Jelly ဆေးများ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့တယ်လို့ သံသယရှိကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ကုန်သွယ်ရေးဝန်ကြီး ဆူဂါဝါရာက ၎င်းရဲ့နုတ်ထွက်စာကို ဝန်ကြီးချုပ်ရှင်ဇိုအဘေးထံ အစိုးရအဖွဲ့အစည်းအဝေးတစ်ခုအပြီးမှာ ပေးအပ်ခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။

(ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး) (Photo: Kyodo)

"ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးပြီး အချိန်ကုန်နေတာမျိုး ကျွန်တော် မဖြစ်စေချင်ဘူး" လို့ ဆူဂါဝါရာကပြောကြောင်း Jiji သတင်းဌာနက ကိုးကားဖော်ပြပါတယ်။ ဂျပန်ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးသမားတွေကို ၎င်းတို့ရဲ့ မဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်များအား လှူဒါန်းပေးကမ်းမှုများမှ တားမြစ်ပိတ်ပင်ထားပါတယ်။

၎င်းအနေနဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့ခြင်းဟုတ် မဟုတ် အတည်ပြုရန် ဆောင်ရွက်နေဆဲဖြစ်ပေမဲ့ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆူဂါဝါရာက Nikkei Asian Review သတင်းက ဆိုပါတယ်။ ဆူဂါဝါရာရဲ့ သတင်းထွက်ပေါ်လာမှုအပေါ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက "သူ့ကို ခန့်အပ်ခဲ့မှုအတွက် ကျွန်တော် တာဝန်ယူပါတယ်၊ ကျွန်တော် ဂျပန်ပြည်သူတွေကို အလေးအနက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။

(ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးဆူဂါဝါရာ) (Photo: Reuters)

အသက် ၅၇ နှစ်အရွယ် ဆူဂါဝါရာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ အဓိက လုပ်ငန်းတာဝန်ဖြစ်တဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကိစ္စရပ်တွေကို လွှဲပြောင်းရယူဆောင်ရွက်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။ ယခင် ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ တိုရှီမစ်ဆူ မိုတီဂီကတော့ လက်ရှိမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က