မီးရှို့ခဲ့ကြောင်း သံသယရှိသူ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အိန္ဒိယတောင်ပိုင်း တီလန်ဂန်နာပြည်နယ်မှာ မြေယာကိစ္စအငြင်းပွားမှုနဲ့ပတ်သက်ပြီး အခွန်ဌာနအရာရှိ အမျိုးသမီးတစ်ဦး သူမရဲ့ ရုံးခန်းအတွင်း အရှင်လတ်လတ် မီးရှို့ခံရကာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(မီးရှို့ခံရပြီး သေဆုံးခဲ့သည့် အခွန်ဌာနအရာရှိ ဗီဂျာယာ) (Photo: Times of India)

ဗီဂျာယာရက်ဒီအမည်ရှိ အမျိုးသမီးဟာ တနင်္လာနေ့ (နိုဝင်ဘာ ၄ ရက်) က မီးရှို့ခံရပြီး အခင်းဖြစ်နေရာမှာပင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ ထို့အတူ သူမကို ကယ်တင်ရန်ကြိုးပမ်းခဲ့တဲ့ ဝန်ထမ်းတစ်ဦးလည်း မီးလောင်ခံခဲ့ရပြီး ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) က သေဆုံးသွားခဲ့ပါတယ်။



အခင်းဖြစ်မှု မှတ်တမ်းပုံတစ်ပုံအရ အခွန်ဌာနအရာရှိ ဗီဂျာယာဟာ မီးလောင်နေတဲ့ သူမရဲ့ကိုယ်ပေါ်ကို တစ်စုံတစ်ဦးက ခြုံစောင်တစ်ထည် ပစ်တင်ဖုံးအုပ်ခြင်းမပြုမီအထိ အော်ဟစ်ငိုယိုကာ အကူအညီတောင်းခံနေခဲ့တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗီဂျာယာကို မီးရှို့ခဲ့ကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနဲ့ ၎င်းဟာလည်း မီးလောင်ဒဏ်ရာများရထားပါတယ်။

ဗီဂျာယာက တရားရုံးကြားနာစစ်ဆေးမှုတစ်ခုကနေ ရုံးသို့ပြန်ရောက်ခဲ့ပြီးနောက် ထိုနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွာ့ခဲ့ကြောင်း သိရပါတယ်။ ဗီယာဂျာဟာ ထိုစဥ်က ကေဆူရက်ရှ်အမည်ရှိ အမျိုးသားတစ်ဦးနဲ့ သူမရဲ့ ရုံးခန်းထဲမှာ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။

(မီးရှို့ခဲ့သူအဖြစ် သံသယရှိပြီး ဖမ်းဆီးထားသည့် ဆူရက်ရှ်) (Photo: BBC)

မီးရှို့ခံရတဲ့ ဗီဂျာယာကို ကယ်တင်ရန်ကြိုးပမ်းခဲ့ကြတဲ့ ချန်ဒရီအာနဲ့ ဂူရူနာသမ် အမည်ရှိ ဝန်ထမ်းနှစ်ဦးလည်း မီးလောင်ခံခဲ့ရပြီး ဂူရူနာသမ်က ယမန်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ မသေဆုံးမီမှာ ဂူရူနာသမ်ရဲ့ ထွက်ဆိုချက်အရ ဗီဂျာယာရဲ့ ရုံးခန်းထဲမှ စူးစူးဝါးဝါး အော်သံများကြားခဲ့ရကြောင်း၊ သို့သော် ရုံးခန်းတံခါးကို အတွင်းမှာသော့ခတ်ပိတ်ထားခဲ့ကြောင်း သိရပါတယ်။

"သူမက တံခါးသော့ဖွင့်ပြီး ထွက်လာခဲ့တယ်၊ ကျွန်တော်တို့က ဆူရှက်ရှ်ကို ဝိုင်းဆွဲထုတ်သွားဖို့ကြိုးစားခဲ့ကြတယ်၊ နောက်တော့မှ သူမ ကြမ်းပြင်ပေါ်လဲကျနေတာ ကျွန်တော်တို့ သိခဲ့ကြတယ်၊ မီးတွေကတော့ နေရာတိုင်းမှာပဲ" လို့ ဂူရူနာသမ်က မီးလောင်ဒဏ်ရာများကြောင့် မသေဆုံးမီ ပြောသွားခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ တီလန်ဂန်နာပြည်နယ် ဟိုက်ဒရာဘတ်မြို့မှ မိုင် ၂၀ အကွာရှိ အဗ္ဗဒူလ်လာပူရ်မတ်ကျေးရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

(ဗာဂျာယာရဲ့ ရုံးခန်းအတွင်း မီးလောင်ထားမှု) (Photo: Times of India)

"ဒီဟာကို တစ်ယောက်တည်းက လုပ်ခဲ့တာလား၊ ဒါမှမဟုတ် သူ့ကို ကူညီခဲ့သူ နောက်တစ်ယောက်ရှိသေးလားဆိုတာ ကျွန်တော်တို့ သေချာသိရအောင် ကြိုးပမ်းနေပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲ မာဟက်ရှ်ဘက်ဂ်ဝက်က မီဒီယာကိုပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဆူရက်ရှ်ဟာ အနီးအနားရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး ၎င်းရဲ့မိသားစုဟာ တရားရုံးမှာ မြေယာပိုင်ဆိုင်မှုအတွက် တရားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

"မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုက တရားရုံးမှာ ကြားနာစစ်ဆေးနေတုန်းပါပဲ၊ ဒါပေမဲ့ ဒီအမှုက ကျွန်တော်နဲ့ ကျွန်တော့်ညီကပဲ တရားရုံးကြားနာတဲ့ ကိစ္စတွေမှာ ပါဝင်နေခဲ့တာပါ၊ သူက ဘာလို့ အခွန်ဌာန အရာရှိကိုသွားတွေ့ခဲ့လိုဆိုတာ ကျွန်တော်တို့ မသိပါဘူး" လို့ ဆူရက်ရှ်ရဲ့ဖခင် ခရစ်ရှ်နာက ဒေသခံမီဒီယာကို ပြောခဲ့ပါတယ်။

(အခွန်ဌာနာအရာရှိ မီးရှိုခံရမှုဖြစ်ပွားခဲသည့် ရုံးအပြင်ဘက်) (Photo: BBC)

မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဆူရက်ရှ်ဟာ မီးလောင်ဒဏ်ရာများနဲ့အတူ ရုံးအဆောက်အအုံထဲမှ ပြေးထွက်လာခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က လမ်းလျှောက်သွားနေတဲ့ ဆူရက်ရ်ှကို တွေ့ရှိခဲ့ပြီး ဆေးရုံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အခွန်ဌာန အရာရှိတစ်ဦး မီးရှို့ခံရပြီး သေဆုံးမှုအတွက် တီလန်ဂန်နာ အခွန်ဌာနဝန်ထမ်းများ အဖွဲ့အစည်းက သုံးရက်ကြာ အလုပ်လုပ်မလုပ်ဘဲ သပိတ်မှောက် ဆန္ဒပြသွားမယ်လို့ ထုတ်ပြန်ပါတယ်။

"အစိုးရ ရုံးတစ်ရုံးထဲမှာ ဒီလိုဖြစ်သွားတာက အရမ်းကို ကံဆိုးလွန်းပါတယ်" လို့ ထိုအဖွဲ့အစည်းရဲ့ဥက္ကဌ ရာဗင်ဒါဗန်ဂါက BBC Telugu သတင်းဌာနကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာလည်း အခွန်ဌာနဝန်ထမ်းတွေကို ပြည်သူတွေက အကြမ်းဖက်တဲ့ ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့ဖူးကြောင်း ရာဗင်ဒါက စွပ်စွဲခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က