ထိုင်းဘတ်ငွေ ၁၀ သန်းအပြင် အခြား ပိုင်ဆိုင်မှုတွေလည်း ပေးအပ်သွားမှာပါ။

ထိုင်းနိုင်ငံတောင်ပိုင်း ချမ်ပွန်ပြည်နယ်မှ ဒူးရင်းသီလုပ်ငန်းရှင်တစ်ဦးက သမီးဖြစ်သူရဲ့ နှလုံးသားကိုသိမ်းပိုက်ပြီး သမီးဖြစ်သူရဲ့ အချစ်ကိုရရှိတဲ့ အမျိုးသားကို ထိုင်းဘတ်ငွေ ၁၀ သန်းနဲ့ အခြား ပိုင်ဆိုင်မှုတွေ ပေးအပ်မယ်လို့ လူသိရှင်ကြား ကမ်းလှမ်းလိုက်ပါတယ်။

(ဒူးရင်းသီးလုပ်ငန်းရှင်နှင့် ၎င်းရဲ့သမီးဖြစ်သူ) (Photo: Bangkon Post)

အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူရဲ့အချစ်ကိုရရှိတဲ့ အမျိုးသားကို ဘတ်ငွေ ၁၀ သန်း (မြန်မာငွေ သိန်း ၄၇၀၀ ကျော်) နဲ့ အခြား ပိုင်ဆိုင်မှုတွေ ပေးအပ်မှာဖြစ်ပြီး ထိုအမျိုးသားဟာ ၎င်းရဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်သူဖြစ်ရမယ်လို့ ဒူးရင်းသီးလုပ်ငန်းရှင်က ဆိုပါတယ်။


"ဒူးရင်းသီးခြံတွေကို သိမယ်၊ ဒူးရင်းသီးကို ဘယ်လိုရွေးချယ် ဝယ်ယူရမယ်ဆိုတာသိတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်သမီးကိုယူနိုင်ပါတယ်၊ သူ့ဆီကနေ မင်္ဂလာခန်းဝင်ပစ္စည်းဥစ္စာ တစ်ဘတ်မှ မတောင်းပါဘူး၊ ကျွန်တော်က ငွေသား ဘတ် ၁၀ သန်းပေးမှာပါ၊ ပြီးတော့ ယာဉ် ၁၀ စီး၊ နေအိမ်တစ်လုံး၊ ဒူးရင်းသီးဆိုင်နှစ်ဆိုင်နဲ့ ကျွန်တော့်သမီးကို ပေးမှာပါလို့" ဒူးရင်းသီးလုပ်ငန်းရှင် Anont Rotthong က ၎င်းရဲ့ Facebook မှာ စနေနေ့ (မတ်လ ၂ ရက်) က ရေးသားထားကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

(ထိုင်းနိုင်ငံထွက် ဒူးရင်းသီးများ) (Photo: guide.michelin)

ဒါ့အပြင် ၎င်းရဲ့သမီးဖြစ်သူဟာ Assumption တက္ကသိုလ်မှ ဂုဏ်ထူးတန်းဖြင့် ဘွဲ့ရထားပြီး တရုတ်နိုင်ငံရှိ Su Yat-sen တက္ကသိုလ်ကနေလည်း မဟာဘွဲ့ရရှိထားတယ်လို့လည်း Anont Rotthong က Facebook မှာ ပြောထားပါသေးတယ်။

Anont Rottong ရဲ့ Facebook မှာ ရေးသားထားမှုကို နောက်ပြောင်မှုအဖြစ် အစောပိုင်းမှာ ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ၎င်းက အမှန်တစ်ကယ် ကမ်းလှမ်းထားခြင်း ဖြစ်တယ်လို့ သိကြရပါတယ်။ ထိုသို့ ကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အချိန်ထပ်စောင့်နေပါက သမီးဖြစ်သူဟာ အိမ်ထောင်ပြုရန် အလွန် အသက်ကြီးသွားလိမ့်မယ်လို့ Anont Rotthong က ပြောခဲ့ပါတယ်။

(ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့သည့် ဒူးရင်းသီးလေလံပွဲတစ်ခုမြင်ကွင်း) (Photo: Bangkok Post)

Anont ဟာ ၎င်းရဲ့ ဒူးရင်းသီးလုပ်ငန်းကို နောက်မျိုးဆက်ထံ လွှဲပြောင်းပေးပြီး အနားယူရန် အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒူးရင်းသီးလုပ်ငန်းကနေ အနားယူပြီးနောက် အဆောင်လက်ဖွဲ့လုပ်ငန်းကို လုပ်ကိုင်သွားမယ်လို့လည်း ၎င်းကပြောပါတယ်။

"ကျွန်တော့်မိသားစုထဲကို ဝင်လာမယ့်သူက လူကောင်းဖြစ်ရမယ်၊ လောင်းကစားသမား မဖြစ်ရဘူး၊ အရေးကြီးတာက အလုပ်ကြိုးစားသူနဲ့ ကျွန်တော့်သမီးကို အမှန်တစ်ကယ် ချစ်မြတ်နိုးသူ ဖြစ်ရမယ်" လို့ ဒူးရင်းသီးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်လာခဲ့တဲ့ Anont ကက ပြောခဲ့ပါတယ်။ Anont ဟာ ချမ်ပွန်ပြည်နယ်မှာ ဒူးရင်းသီး ပွဲရုံကြီးနှစ်ရုံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ သားမက်လောင်းဟာ ချမ်းသာကြွယ်ဝရန်နဲ့ ပညာတတ်ဖြစ်ရန် မလိုအပ်ဘူးလို့ Anont က ပြောခဲ့တယ်လို့ ဆိုပါတယ်။

(ထိုင်းတောင်ပိုင်း ချမ်ပွန်ပြည်နယ် တည်နေရာ) (Map: Google Maps)

၎င်းဟာ စီးပွားရေးလုပ်ငန်းကို ဘာမျှမရှိတဲ့ဘဝကနေ စတင်လုပ်ကိုင်ခဲ့ကြောင်းနဲ့ လုံ့လဝီရိယရှိပြီး ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို အခွင့်အရေးပေးလိုကြောင်းလည်း Anont က ဖွင့်ဟခဲ့ပါတယ်။

အတူတကွ အလုပ်လုပ်ကိုင်တာကြောင့် သားမက်လောင်းရဲ့အကြောင်းကို ပိုမိုသိနိုင်မယ်လို့လည်း ၎င်းကပြောခဲ့ပါတယ်။ Anont ရဲ့ အစီအစဉ်ကို သမီးဖြစ်သူကလည်း ကန့်ကွက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

"ပထမတော့ ကျွန်မအဖေက ရယ်စရာအဖြစ် နောက်ပြောင်ပြောဆိုနေတယ်ပဲ ထင်ခဲ့မိတာ၊ နောက်တော့ အဖေက သားမက်တစ်ယောက် တစ်ကယ်ကြီး ရှာနေတယ်လို့ သိလိုက်ရတယ်၊ ကျွန်မတို့ မောင်နှမတွေနဲ့ ကျွန်မက အဖေ့ရဲ့ အဆုံးအဖြတ်ကို လေးစားလိုက်နာပါတယ်" လို့ Anont ရဲ့ အငယ်ဆုံးလည်းဖြစ် တစ်ဦးတည်းသော သမီးလည်းဖြစ်တဲ့ Kansita Rotthong က ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က