အကျဉ်းထောင်အခန်းအတွင်း သေဆုံးနေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူကဲ့သို့ ဟန်ဆောင်ဝတ်ဆင်ပြီး ထောင်မှထွက်ပြေးရန် အသေးစိတ်စီစဉ် လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ ဘရာဇီးအကျဉ်းသားကို ၎င်းရဲ့ အကျဉ်းထောင်အခန်းအတွင်း သေဆုံးလျက်သား တွေ့ရှိရတယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ်ကျခံနေရတဲ့ ကလော်ဗီနို ဒါဆေးလ်ဗားဟာ အကျဉ်းထောင်အခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့ပုံရကြောင်း ထောင်အာဏာပိုင်တွေက ဆိုပါတယ်။ အသက် ၄၂ နှစ်အရွယ် ဆေးလ်ဗားဟာ လွန်ခဲ့တဲ့ သုံးရက်က ၎င်းရဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူဟန်ဆောင်ပြီး အကျဉ်းထောင်မှ ထွက်ပြေးရန်ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ထောင်အရာရှိတွေက ဖော်ထုတ်သိရှိသွားခဲ့ပါတယ်။



၎င်းက ဆီလီကွန်မျက်နှာဖုံး၊ ဆံပင်အတု၊ မျက်မှန်၊ ဘရာစီယာနဲ့ မိန်ကလေးဝတ် တီရှပ်ဝတ်ဆင်ကာ သမီးဟန်ဆောင်ပြီး ထောင်မှထွက်ပြေးရန် ကြိုးပမ်းခဲ့ပါတယ်။ သို့သော် ထောင်အရာရှိတွေက စစ်ဆေးသိရှိခဲ့ပြီးနောက် ၎င်း ရုပ်ဖျက်ဝတ်ဆင်ထားတဲ့ အသုံးအဆောင်၊ အဝတ်အထည်တွေကို ချွတ်ခိုင်းခဲ့ပြီး ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားခဲ့ပါတယ်။

(Photo: SEAP)

ထိုဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဆေးလ်ဗားရဲ့သတင်းဟာလည်း မီဒီယာတွေမှာလည်း သတင်းထူးဖြစ်ခဲ့ပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင် ဆေးလ်ဗားဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် ထောင်ဒဏ် ၇၃ နှစ်နဲ့ ၁၀ လ ချမှတ်ခံထားရကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ (သြဂုတ် ၆ ရက်) မှာတော့ ရီယိုဒီဂျနေရိုရှိ Bangu 1 အကျဉ်းထောင်အခန်းထဲမှာ ဆေးလ်ဗား သေဆုံးနေတာကို အကျဉ်းထောင်အစောင့်တွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သမီးဟန်ဆောင်ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ပြီးနောက် ဆေးလ်ဗားကို အဆိုပါ အကျဉ်းထောင်သို့ လွှဲပြောင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: SEAP)

ဘရာဇီးသတင်းဝက်ဘ်ဆိုက် O Globo ရဲ့ အဆိုအရ ဆေးလ်ဗားကို Bangu 1 အကျဉ်းထောင်သို့ လွှဲပြောင်ခဲ့ပြီးကတည်းက တစ်ဦးတည်း တိုက်ပိတ်ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။ ဆေးလ်ဗားက Bangu 3 အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရစဉ် ၎င်းထံသို့ ထောင်ဝင်စာလာတွေ့ခဲ့တဲ့ သမီးဖြစ်သူဟန်ဆောင်ပြီး ထောင်မှထွက်ပြေးရန် စီစဉ်ခဲ့ရာမှ မီဒီယာတွေမှာ ထိပ်တန်းသတင်းထူး ဖြစ်ခဲ့ပါတယ်။

ဆေးလ်ဗားက သမီးဟန်ဆောင်ပြီး ထောင်မှထွက်ပြေးရန် ကြိုးပမ်းခဲ့စဉ် သမီးဖြစ်သူက အကျဉ်းထောင်အခန်းထဲမှာ ကျန်နေရစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးလ်ဗား ထောင်မှထွက်ပြေးရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ၎င်းရဲ့သမီးဖြစ်သူနဲ့ အခြား လူရှစ်ဦးကို ဆေးလ်ဗားရဲ့ အကြံအစည်မှာ ပါဝင်ပတ်သက်မှုဖြင့် စုံစမ်းစစ်ဆေးနေခဲ့ကြောင်းလည်း သိရါတယ်။



(Photo: AP)

ဆေးလ်ဗားဟာ ၂၀၁၃ ခုနှစ်ကလည်း ထောင်မှထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။ ထိုစဉ်က Gericino ရှိ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရစဉ် ရေဆိုးစွန့်ပစ်တဲ့ ပိုက်လိုင်းစနစ်ကနေ ဆေးလ်ဗားနဲ့အတူ အခြား အကျဉ်းသား ၃၀ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆေးလ်ဗားကို ပြန်လည်ဖမ်းဆီးရမိသွားခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က