တောင်တန်းပေါ်မှာ တည်ဆောက်ထားပြီး အိုကီနာဝါမြို့တော် နာဟာမြို့ကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။
Ko John

ဂျပန်နိုင်ငံ အိုကီနာဝါရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ရှူရီရဲတိုက်ကြီးမှာ အောက်တိုဘာ ၃၁ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ရဲတိုက်ရဲ့ အဓိက အဆောက်အအုံတွေ လုံးဝပြာကျသွားတဲ့အထိ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Jun Hirata/AP/Kyodo News)

ရှူရီရဲတိုက်ကို တောင်တန်းပေါ်မှာ တည်ဆောက်ထားပြီး အိုကီနာဝါမြို့တော် နာဟာမြို့ကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။ ဂျပန်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ အဓိကနေရာတစ်ခုဖြစ်တဲ့ သက်တမ်း နှစ်ပေါင်း ၅၀၀ ရှိ ရှူရီရဲတိုက်ကြီးအကြောင်း သိထားသင့်တဲ့ ငါးချက်ကို ကောက်နုတ်ဖော်ပြထားပါတယ်။

ရှေးဘုရင်များ စိုးစံခဲ့ရာနေရာ

အိုကီနာဝါမြို့တော် နာဟာမြို့မှာတည်ရှိတဲ့ ၁၄ ရာစုခေတ် ရှူရီရဲတိုက်ဟာ တစ်ချိန်က Ryukyu မင်းဆက် ထီးနန်းစိုးစံရာနေရာ ဖြစ်ခဲ့ပါတယ်။

(Photo: AFP/Jiji Press)

၁၈၇၉ ခုနှစ်မှာ အိုကီနာဝါဟာ ဂျပန်နိုင်ငံရဲ့ စီရင်စုတစ်ခုဖြစ်လာချိန်အထိ ရာစုနှစ်များကြာ Ryukyun မင်းဆက် ထီးနန်းအုပ်ချုပ်ရေးနေရာအဖြစ် တည်ရှိခဲ့ပါတယ်။ ရှူရီရဲတိုက်ဟာ တရုတ်ဟန်ပန်နဲ့ ပိုတူနေပြီး ၎င်းရဲ့ဗိသုကာပုံစံက ဂျပန်မှာတည်ဆောက်ထားတဲ့ ဗိသုကာပုံစံတွေနဲ့ ကွဲပြားနေပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရှူရီရဲတိုက်ကို ဂျပန်နိုင်ငံရဲ့ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဖွဲ့စည်းတည်ဆောက်မှု

ရှူရီရဲတိုက်ကြီးမှာ ပင်မဆောင် (Seiden) ကို မြောက်ဘက်ဆောင် (Hokuden) နဲ့ တောင်ဘက်ဆောင် (Nanden) တို့ ပါဝင်ပါတယ်။ ရဲတိုက်ကြီးရဲ့ Shureimon Gate ဂိတ်တံခါးကလည်း အထင်အရှားရှိလှပါတယ်။ အောက်တိုဘာ ၃၁ ရက် မီးလောင်မှုမှာ ပင်မဆောင် (Seiden) ဟာ လုံးဝပြာကျတဲ့အထိ မီးလောင်ကျွမ်းသွားခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)

ထိုပင်မဆောင်အတွင်း Ryukyuan မင်းဆက်မှ ဘုရင်များ အသုံးပြုခဲ့ကြတဲ့ ပုလ္လင်နဲ့ သရဖူ ပုံစံတူများကို အခြား သမိုင်းဝင် အသုံးအဆောင်များနဲ့ အချက်အလက်များနဲ့အတူ လာရောက်လည်ပတ်သူတွေ ကြည့်ရှုလေ့လာနိုင်ရန် ခင်းကျင်းပြသထားပါတယ်။ ရဲတိုက်တည်ရှိရာ နေရာကို နံရံတစ်ခုနဲ့ ပန်းခြံတစ်ခုက ဝိုင်းပတ်ထားပါတယ်။

မီးလောင်လေ့ရှိတဲ့ နေရာ

ရှူရီရဲတိုက်ကြီးဟာ ရှေးခေတ် Ryukyuan ဘုရင်တွေ လက်ထက်ကလည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။



ယနေ့ခေတ် မြင်တွေ့ရတဲ့ ရဲတိုက်နဲ့ အခြား အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်မှုကို ၁၉၉၂ ခုနှစ်မှာ နောက်ဆုံးလုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ရာမှာ ရဲတိုက်ကြီးရဲ့ ရှေးခေတ်လက်ရာအတိုင်းရှိနေဆဲ တည်ဆောက်ထားမှုတွေကိုသာဖြစ်ပြီး ပြန်လည်တည်ဆောက်ထားမှုတွေ မပါဝင်ခဲ့ပါဘူး။

ဒုတိယကမ္ဘာစစ် အခြေစိုက်စခန်း

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က မဟာမိတ်တပ်ဖွဲ့တွေကို ပစိဖိတ်ရှေ့တန်းစစ်မျက်နှာမှာ ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်က ရှူရီရဲတိုက်တည်ရှိရာ အိုကီနာဝါမှာ စစ်ရေးလှုပ်ရှားမှုတွေရဲ့ အလယ်မှာရှိခဲ့ပါတယ်။ ဂျပန်စစ်တပ်က ရဲတိုက်ဝင်းအတွင်းမှာ အခြေစိုက်စခန်းဖွင့်ခဲ့ပါတယ်။

(Photo: history.stackexchange)

ရှူရီရဲတိုက် တည်ရှိရာနေရာ တောင်တန်းတွေက ခံတပ်သဖွယ်ဖြစ်နေပြီး ရန်သူရဲ့တိုက်ခိုက်မှုကနေ မဟာဗျူဟာမြောက် အကာအကွယ်ယူနိုင်ပါတယ်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့တွေက ရှူရီရဲတိုက်နေရာကို သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံးဝနီးပါ ပျက်စီးသွားခဲ့ပါပြီး စစ်အပြီးမှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားကြတဲ့ နေရာ

ရှူရီရဲတိုက်နေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းနဲ့ ပြည်ပမှ ခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြလေ့ရှိပါတယ်။

(Photo: MediaCorp/CNA)

၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ မီးရှူးတိုင်သယ်ဆောင်ရာမှာ ရှူရီရဲတိုက်မှာ တစ်ထောက်ရပ်နားရန် စီစဥ်ထားခဲ့ပါတယ်။ ရှူရီရဲတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက်မှာ Rukyuan မင်းဆက်ခေတ် ရိုးရာဝတ်စုံများမှ ရှေးခေတ်တူရိယာပစ္စည်းများအထိ ခင်းကျင်းပြသထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က