ဆေးရုံတွေ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွေနဲ့ ဓာတ်ခွဲခန်းတွေမှာ စတင်အသုံးပြုသွားမှာပါ။

COVID-19 နဲ့ တုပ်ကွေးရောဂါရှိ မရှိ မိနစ် ၉၀ အတွင်း အဖြေသိရှိနိုင်တဲ့ စစ်ဆေးမှုကိရိယာသစ်တွေကို ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတွေနဲ့ ဓာတ်ခွဲခန်းတွေမှာ လာမယ့်သီတင်းအတွင်း စတင်အသုံးပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃ ရက်နေ့မှာ ပြောပါတယ်။

DNA စစ်ဆေးမှုနဲ့ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ စစ်ဆေးမှု ကိရိယာသစ်တွေက COVID-19 နဲ့ အခြား ရာသီတုပ်ကွေးတို့ကို စစ်ဆေးသိရှိနိုင်မယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။ စစ်ဆေးမှုကိရိယာသစ်တွေက ဆောင်းရာသီကာလမှာ များစွာအကျိုးပြုလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ပြောပါတယ်။



"ဒီစစ်ဆေးမှုတွေက တုပ်ကွေးနဲ့ COVID-19 ရှိ မရှိ သိနိုင်ပါတယ်၊ ကျွန်တော်တို့က ဆောင်းရာသီကို ရောက်တော့မှာဆိုတော့ အများကြီး အကျိုးရှိပါလိမ့်မယ်၊ ဒီလို စစ်ဆေးသိရှိတာကြောင့် လူနာတွေဟာ သူတို့ကိုယ်သူတို့နဲ့ အခြားသူတွေကို ကာကွယ်ဖို့ မှန်ကန်တဲ့အကြံပြုချက်ကို လိုက်နာနိုင်မှာဖြစ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ စစ်ဆေးမှုတွေရဲ့ သုံးပုံတစ်ပုံဟာ အဖြေသိရှိရန် ၂၄ နာရီကျော် ကြာလေ့ရှိပါတယ်။ ဗြိတိန်အစိုးရက ရောဂါလက္ခဏာမပြဘဲ COVID-19 ကူးစက်ပျံ့နှံ့စေနိုင်သူတွေကို ရှာဖွေသိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့ပါတယ်။ ဗြိတိန်မှာ အသုံးပြုသွားမယ့် ယခု စစ်ဆေးကိရိယာသစ်တွေရဲ့ အဖြေတိကျမှန်ကန်မှု အချက်အလက်တွေကိုတော့ လောလောဆယ် လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။

LamPORE စစ်ဆေးကိရိယာ

Oxford Nanopore Technologies Limited ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ LamPORE စစ်‌ဆေးကိရိယာက နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာကို အမြန်စစ်ဆေးပြီး မိနစ် ၉၀ အတွင်း အဖြေသိနိုင်ပါတယ်။ LamPORE ဖြင့် စစစ်ဆေးမှု သန်းတစ်ဝက် (၅၀၀,၀၀၀) နီးပါးကို လာမယ့် သီတင်းပတ်အတွင်း ဗြိတိန်မှာ ဆောင်ရွက်နိုင်တော့မှာဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှာ နောက်ထပ် လူဦးရေ သန်းနဲ့ချီ စစ်ဆေးသွားရန် စီစဥ်ထားကြောင်း အစိုးရက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ နှာခေါင်း၊ အာခေါင်အတွင်းပိုင်းမှ တို့ဖတ်နမူနာရယူရန် မလိုအပ်ဘဲ LamPORE ကိရိယာဖြင့် တံတွေးကို စစ်ဆေးပြီး ရောဂါရှိ မရှိ သိနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း Nanopore Technologies က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ LamPORE စစ်ဆေးကိရိယာကို အရွယ်အစားနှစ်မျိုး ထုတ်လုပ်ထားပါတယ်။

DnaNudge စစ်ဆေးကိရိယာ

DnaNudge ကုမ္ပဏီက ထုတ်လုပ်ထားပြီး လန်ဒန်မြို့ရှိ ဆေးရုံရှစ်ခုမှာ အသုံးပြုနေတဲ့ စစ်ဆေးကိရိယာ ဖြစ်ပါတယ်။ ထောင်နဲ့ချီ အရေအတွက်ရှိ အဆိုပါ DNA (Deoxyribonucleic Acid) စစ်ဆေးကိရိယာတွေကို လာမယ့် စက်တင်ဘာလအတွင်း ဗြိတိန်ကျန်းမာရေးဌာန (National Health Service - NHS) ဆေးရုံတွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

DnaNudge ကိရိယာဖြင့် နှာခေါင်းတို့ဖတ်နမူနာများကို စစ်ဆေးပြီး ရောဂါရှိ မရှိ မိနစ် ၉၀ အတွင်း သိရှိနိုင်မှာဖြစ်ပါတယ်။ လာမယ့် လများအတွင်း DnaNudge ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အဆိုပါ DNA စစ်ဆေးကိရိယာ ၅,၀၀၀ ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဗြိတိန်အစိုးရက DnaNudge စစ်ဆေးကိရိယာ ၅.၈ သန်း ဝယ်ယူရန်မှာကြားထားပြီး စုစုပေါင်းတန်ဖိုး ပေါင် ၁၆၁ သန်း ဖြစ်ပါတယ်။ ထိုတန်ဖိုးအရ DnaNudge ကိရိယာတစ်ခုရဲ့ ဈေးနှုန်းဟာ ၂၇ ပေါင်ဝန်းကျင် ကျသင့်ပါတယ်။

ဗြိတိန်ရဲ့ COVID-19 အခြေအနေ

ဩဂုတ် ၃ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ဗြိတိန်မှာ COVID-19 အတည်ပြုလူနာသစ ၉၃၈ ဦး တိုးလာခဲ့ပြီး ဇွန် ၁၆ ရက်နောက်ပိုင်း ဒုတိယအများဆုံး နေ့အလိုက်ကူးစက်မှုလည်း ဖြစ်လာပါတယ်။ လတ်တလော နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် ဇူလိုင် ၂၉ ရက်နေ့မှာ ၉၉၅ ဦး တိုးလာခဲ့ပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၃၀၅,၆၂၃ ဦးနဲ့ သေဆုံးသူ ၄၆,၂၁၀ ဦးရှိခဲ့ပါတယ်။

Source: BBC, Reuters, DnaNudge, Nanopore Technologies

Share

Loading Next Article...
က္က