မိဘတွေရဲ့ AK-47 ချေမှုန်းရေး ရိုင်ဖယ်သေနတ်ကိုယူပြီး တာလီဘန်စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပါတယ်။

မိဘတွေကို သတ်သွားတဲ့ တာလီဘန်စစ်သွေးကြွကို ပြန်တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန်မှ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအား သတ္တိရှိသူအဖြစ် ဆိုရှယ်မီဒီယာမှာ ဂုဏ်ပြုခဲ့ကြပါတယ်။

(တာလီဘန်တို့ကို ပြန်တိုက်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး) (Photo: BBC/ABC)

Qamar Gul အမည်ရှိ ဆယ်ကျော်သက်မိန်းကလေးက မိဘတွေရဲ့ AK-47 ချေမှုန်းရေး ရိုင်ဖယ်သေနတ်ကိုယူပြီး တာလီဘန်စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး အခြား စစ်သွေးကြွအချို့ ဒဏ်ရာရခဲ့ကြောင်း Ghor ပြည်နယ်မှ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။



ထိုမိန်းကလေးရဲ့ ဖခင်ဟာ အစိုးရကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့တာကြောင့် သူမတို့နေအိမ်ကို တာလီဘန်တွေ ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့နောက် သူမရဲ့ မိဘနှစ်ဦးကို အိမ်အပြင်ခေါ်ထုတ်ပြီး ပစ်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မိဘနှစ်ဦး ပစ်သတ်ခံရပြီးနောက် Qamar Gul ဟာ ဒေါသထွက်သွားခဲ့ကာ အိမ်မှာရှိနေတဲ့ AK-47 သေနတ်ကိုဆွဲယူပြီး တာလီဘန်တို့ကို ပစ်ခတ်ခဲ့ပါတယ်။

(Map: Google Maps)

သေနတ်တစ်လက် ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီဒီယာမှာ လတ်တလော ရက်ပိုင်းအတွင်း ပျံ့နှံ့နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အင်အားပိုများတဲ့ တာလီဘန်စစ်သွေးကြွတွေက Griwa ကျေးရွာရှိ ဆယ်ကျော်သက်မိန်းကလေးရဲ့ နေအိမ်ကို လာရောက်တိုက်ခိုက်ခဲ့ကြရာ ရွာသားတွေနဲ့ အစိုးရကိုထောက်ခံတဲ့ လက်နက်ကိုင်တွေက ပြန်တိုက်ထုတ်ခဲ့ကြကြောင်းလည်း သိရပါတယ်။

တာလီဘန်စစ်သွေးကြွတေကို ပြန်တိုက်ခိုက်ပြီး နှစ်ဦးကို သုတ်သင်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ အသက် ၁၅ နှစ်အရွယ် ဖြစ်တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုအခါမှာတော့ ထိုမိန်းကလေးနဲ့ သူမရဲ့ အသက် ၁၂ နှစ်အရွယ် မောင်ဖြစ်သူတို့ကို ပိုမိုစိတ်ချလုံခြုံတဲ့ နေရာသို့ ခေါ်ဆောင်သွားခဲ့ပြီလို့ ဆိုပါတယ်။ ဆယ်ကျော်သက်မိန်းကလေးက တာလီဘန်တွေကို တိုက်ခိုက်ရန် အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။

(တာလီဘန်စစ်သွေးကြွများ) (Photo: AP)

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဆယ်ကျော်သက်မိန်းကလေးရဲ့ ရဲစွမ်းသတ္တိရှိမှုကို ချီးမွမ်းနေကြပါတယ်။ "ဦးထုပ်ချွတ်ပြီး ဂုဏ်ပြပါတယ်" လို့ Najiba Rahmi က Facebook မှာ‌ ပြောထားကြောင်း AFP သတင်းက ကိုးကားဖော်ပြပါတယ်။ ဒေသခံမီဒီယာမှာ ဖော်ပြမှုအရ Ghor ပြည်နယ်ဟာ အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံး နေရာတစ်ခုဖြစ်ပြီး အမျိုးသမီးတွေကို အကြမ်းဖက်မှုများလည်း မြင့်တက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

တာလီဘန်စစ်သွေးကြွအုပ်စုက အမေရိကန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖေဖေါ်ဝါရီလအတွင်း လက်မှတ်ရေးထိုးထားခဲ့ပေမဲ့ ၎င်းတို့ရဲ့ အဖွဲ့ဝင်တွေက အာဖဂန်အစိုးရကို ဖြတ်ချပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ဆက်လက် တောင်းဆိုနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က