မက္ကစီကိုမြို့တော်ရှိ အဆောက်အအုံများလည်း လှုပ်ခါသွားခဲ့ပြီး လူများ လမ်းမပေါ်သို့ ထွက်ပြေးခဲ့ကြပါတယ်။
Ko John

မက္ကစီကိုနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ Oaxaca ပြည်နယ်မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ ငလျင်ဗဟိုချက်နဲ့ ၁၂၄ မိုင်ကွာဝေးတဲ့ မက္ကစီကိုမြို့တော်ရှိ အဆောက်အအုံများလည်း လှုပ်ခါသွားခဲ့ပြီး လူများ ၎င်းတို့ရဲ့နေအိမ်များမှ လမ်းမပေါ်သို့ ထွက်ပြေးခဲ့ကြပါတယ်။

(Photo: Reuters)

ငလျင်လှုပ်ပြီး‌နောက် ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် ဇွန် ၂၃ ရက် မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၇.၅ အဆင့်အထိ ပြင်းထန်ခဲ့ကြောင်း မက္ကစီကို National Seismological Service က ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် United States Geological Survey (USGS) ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၇.၄ အဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။ USGS မှာ ဖော်ပြထားမှုအရ ငလျင်ရဲ့ဗဟိုချက်ဟာ Pochutla မြို့ရဲ့ အရှေ့မြောက်ဘက် ၄၃ မိုင်အကွာ မြေအောက်အနက် ၁၆ မိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူနှစ်ဦး သေဆုံခဲ့ကြောင်း Reuters သတင်းက ပြောထားပါတယ်။ ငလျင်လှုပ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတိအကျ မသိရသေးကြောင်းနဲ့ Oaxaca ပြည်နယ်မှ သတင်းများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။

သတင်းအချို့မှာတော့ ငလျင်ကြောင့် Oaxaca မြို့မှာ အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး မက္ကစီကိုမြို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ Oaxaca ပြည်နယ်ဟာ တောင်တန်းထူထပ်တဲ့ ကမ်းရိုးတန်းဒေသ ပြည်နယ်ဖြစ်ပြီး ကော်ဖီစိုက်ခင်းများ၊ ကမ်းခြေအပန်းဖြေစခန်းများနဲ့ စပိန်ကိုလီနီခေတ် ဗိသုကာလက်ရာများ ရှိနေပါတယ်။

(Photo: AJ+/Twitter)

Oaxaca မြို့ရှိ ဓာတ်ပုံဆရာ Alberto Ibanez က Reuters သတင်းဌာနကို ပြောကြားမှုအရ ငလျင်ကြောင့် ၎င်းနေထိုင်ရာ တိုက်ခန်းအတွင်း နံရံတစ်ခုမှာ အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ စာအုပ်နဲ့ ပန်အိုးများ စင်ပေါ်မှပြုတ်ကျခဲ့ကြောင်း သိရပါတယ်။ "လူတိုင်း လမ်ပေါ်ထွက်ပြေးတာပဲ၊ တော်တော်ပြင်းတယ်" လို့ Alberto Ibanez က ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် မက္ကစီကိုမြို့မှာ ကနဦးအနေနဲ့ ဒဏ်ရာရမှုများ သို့မဟုတ် ထိခိုက်ပျက်စီးမှုများ မတွေ့ရကြောင်း Reuters သတင်းဌာနနဲ့ အဆက်အသွယ်ရတဲ့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ မက္ကစီကိုမြို့ရဲ့ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနကလည်း အဆောက်အအုံ ပြိုကျမှု မရှိခဲ့ကြောင်း ပြောပါတယ်။

(Photo: AJ+/Twitter)

ယခု ငလျင်လှုပ်ခတ်ပြီးနောက် မက္ကစီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေဒိုနဲ့ ဟွန်ဒူးရပ်စ် အပါအဝင် မက္ကစီကိုနဲ့ ဗဟိုအမေရိကရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် ၆၂၁ မိုင်အတွင်း ဆူနာမီရေလှိုင်း တက်ရောက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရစ်ချ်တာစကေး ၇ အထက်ရှိတဲ့ ငလျင်တွေဟာ ကြီးမားကျယ်ပြန့်တဲ့ ပျက်စီးမှုဖြစ်စေနိုင်ကြောင်း Reuters က ဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ်က မက္ကစီကိုအလယ်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ မက္ကစီကိုမြို့တော်နဲ့ အနီးပတ်ဝန်းကျင် ပြည်နယ်တွေမှာ လူ ၃၅၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

(‌နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အသစ်များ ရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က