နာမည်ကြီး မူးယစ်ရာဇာဂုဇ်မန်းရဲ့သားကို ဖမ်းဆီးရမိခဲ့ပေမဲ့ ပြန်လွှတ်ပေးခဲ့ရပါတယ်။

မက္ကစီကိုနိုင်ငံ မြောက်ပိုင်းမှာ အင်အားကြီးမားတဲ့ စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်များကြား ယမန်နေ့ (အောက်တိုဘာ ၁၇ ရက်) က တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

(လိုပက်ဇ်နှင့် ဂုဇ်မန်း) (Photo: Bloomberg via Getty Images)

အမေရိကန်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နာမည်ကြီး မက္ကစီကိုမူးယစ်ရာဇာ အယ်လ်ချတ်ပိုဂုဇ်မန်းရဲ့သား အိုဗီဒိုဂုဇ်မန်းလိုပက်ဇ်ကို Culiacan မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်နေစဉ် နေအိမ်တစ်အိမ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။



သို့သော် လိုပက်ဇ်ကို ဖမ်းဆီးခဲ့ပြီးနောက် စီနာလိုအာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေက Culiacan မြို့မှာ လုံခြုံရေးတပ်ဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ လမ်းမပေါ်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လိုပက်ဇ်ကို ပြန်လွှတ်ပေးခဲ့ရကြောင်း သိရပါတယ်။

(စီနာလိုအာ မူးယစ်ဂိုဏ်းမှ တိုက်ခိုက်ရေးသမားများ) (Photo: Carlos Zuniga Perez/Twitter)

လိုပက်ဇ် အဖမ်းခံရပြီးနောက် စီနာလိုအာဂိုဏ်းမှ တိုက်ခိုက်ရေးသမားတွေက Culiacan မြို့တွင်းသို့ စက်သေနတ်များ တပ်ဆင်ထားတဲ့ ထရပ်ကားများဖြင့် ရောက်ရှိလာခဲ့ကြပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြရာ နောက်ဆုံးမှာ အာဏာပိုင်တွေက ၎င်းကို ပြန်လွှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၀ ကျော်အရွယ်ဖြစ်ပုံရတဲ့ လိုပက်ဇ်ဟာ ၎င်းရဲ့ဖခင် ဂုဇ်မန်း အဖမ်းခံရပြီးနောက်ပိုင်း စီနာလိုအားဂိုဏ်းကို အဓိက ဦးဆောင်သူတစ်ဦး ဖြစ်လာပါတယ်။ ကိုကင်း၊ မက်သာဖက်တမင်းနဲ့ ဆေးခြောက်များကို အမေရိကန်နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချနေမှုအတွက် အမေရိန်အစိုးရက လိုပက်ဇ်ကို အလိုရှိနေကြောင်းလည်း သိရပါတယ်။

(Culiacan မြို့ လမ်းမပေါ်မှ အလောင်းအချို့) (Photo: Reuter)

Culiacan မြို့မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်များ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှု အခြေအနေကို အာဏာပိုင်တွေက တရားဝင် မထုတ်ပြန်သေးပေမဲ့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ မြို့ရဲ့လမ်းမတွေပေါ်မှာ အလောင်းတွေကို တွေ့ရပါတယ်။

မက္ကစီကိုလုံခြုံရေးတပ်ဖွဲ့များ ပြန်လွှတ်ပေးခဲ့ရတဲ့ လိုပက်ဇ်ရဲ့ဖခင် အသက် ၆၂ နှစ်အရွယ် ဂုဇ်မန်းဟာ မက္ကစီကိုရှိ လုံခြုံရေးတင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုကနေ ၂၀၁၅ ခုနှစ်အတွင်း ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သို့သော် ၂၀၁၇ ခုနှစ်မှာ ၎င်းကို ပြန်လည်ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။

(Photo: EPA)

အမေရိကန်မှာ ဂုဇ်မန်းကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ပြစ်မှု ၁၀ ခုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက်အပြင် နောက်တိုးထောင်ဒဏ် နှစ် ၃၀ ချမှတ်ထားပါတယ်။ ဂုဇ်မန်းဟာ မက္ကစီကိုမူးယစ်ဂိုဏ်း စီနာလိုအာကို ဦးဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်သို့ မူးယစ်ဆေးဝါး အများဆုံးတင်ပို့ခဲ့သူလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယမန်နေ့က Culiacan မြို့ရဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့အခြေအနေကို ပုံမှန်ပြန်လည်တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်နေကြောင်း စီနာလိုအာပြည်နယ်အစိုးရက ပြောကြားကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က