ရေနံခိုးယူသူတွေကြောင့် ပိုက်လိုင်းယိုစိမ့်မှုဖြစ်ရာမှ ပေါကွဲခဲ့တယ်လို့ဆိုပါတယ်။

မက္ကစီကိုနိုင်ငံမှာ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၇၉ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့ (ဇန်နဝါရီ ၁၈ ရက်) ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုအတွင်း လူအများအပြားလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: BNO News)

Hidalgo ပြည်နယ် Tlahuelilpan မြို့ရှိ ရေနံပိုက်လိုင်းပေါက်ကွဲမှုဟာ ရေနံခိုးယူသူတွေကြောင့် ယိုစိမ့်မှုဖြစ်ပြီးနောက် ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ရေနံစုဆောင်းရယူနေသူ အများအပြားဟာ မီးလောင်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း ဒါဇင်နဲ့ချီပြီး အခင်းဖြစ်နေရာမှာ တွေ့ခဲ့ရတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရမှု နောက်ဆုံး အခြေအနေကို Hidalgo ပြည်နယ် အုပ်ချုပ်ရေးမှူး Omar Fayad က ထုတ်ပြန်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

"ပြီးခဲ့တဲ့ မိနစ်အနည်းငယ်အထိတော့ ၇၉ ဦး သေဆုံးပြီး ၈၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိထားပါတယ်" လို့ အုပ်ချုပ်ရေးမှူးက မက္ကစီကိုသမ္မတ မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါနဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာရသူတွေအနက် အမျိုးသမီးသုံးဦးနဲ့ ကလေး ၁၂ ဦး ပါဝင်ကြောင်းလည်း ၎င်းကပြောပါတယ်။

ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ အစောပိုင်း သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။ ရေနံခိုးယူသူတွေက ပိုက်လိုင်းကို အပေါက်ဖောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်းနဲ့ ပေါက်ကွဲမှုမဖြစ်မီ ဓာတ်ပုံတွေအရ ပိုက်လိုင်းကနေ ရေနံများပန်းထွက်နေတာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

(Photo: AFP/Getty Images)

မက္ကစီကိုအစိုးရပိုင် Pemex ရေနံကုမ္ပဏီကလည်း ပိုက်လိုင်းပေါက်ကွဲမှုဟာ တရားမဝင် အပေါက်ဖောက်ပြီး ရေနံရယူမှုကြောင့် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ လူသေဆုံးမှုရှိတဲ့ Pemex ရေနံပိုက်လိုင်း မတော်တဆမှုတွေ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

၂၀၁၃ ခုနှစ်မှာ မက္ကစီကိုစီးတီးရှိ Pemex ရုံးချုပ်နေရာမှာ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ထို့အတူ ၂၀၁၂ ခုနှစ်ကလည်း Pemex ရဲ့ ဂက်စ်စက်ရုံမှာ မီးလောင်မှုကြောင့် နောက်ထပ် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က