မက္ကစီကိုနိုင်ငံရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက မဲအပြတ်အသတ်ဖြင့် ဦးဆောင်နေပြီး သမ္မတသစ်ဖြစ်လာရန် သေချာနေပြီလို့ မဲဆန္ဒရှင်စစ်တမ်းတွေက ဖော်ပြပါတယ်။
မက္ကစီကိုသမ္မတဖြစ်လာမည့် လက်ဝဲဝါဒီ မန်နျူရယ်လိုပက်ဇ်
မက္ကစီကိုမြို့ မြို့တော်ဝန်ဟောင်း မန်နျူရယ်လိုပက်ဇ်ဟာ တနင်္ဂနွေနေ့ (ဇူလိုင် ၁ ရက်) သမ္မတရွေးကောက်ပွဲ မတိုင်မီကတည်းက လူထုထောက်ခံမှုမှာ အသာရနေခဲ့သူလည်း ဖြစ်ပါတယ်။ Parametria က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ မန်နျူရယ်လိုပက်ဇ်က ထောက်ခံဆန္ဒမဲ ၅၃ ရာခိုင်နှုန်းထက်မနည်း ရရှိမယ်လို့ ဆိုပါတယ်။
မန်နျူရယ်လိုပက်ဇ်၊ ဂျို့စ်အန်တိုနီယိုနှင့် ရီကာဒို အန်နာယာ
ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်စစ်တမ်းအားလုံးအရ မန်နျူရယ်လိုပက်ဇ်ဟာ ၎င်းရဲ့ အနီးဆုံးပြိုင်ဘက်တွေထက် မဲအရေအတွက် အပြတ်အသတ် ပိုမိုရရှိခဲ့ပြီး ဦးဆောင်ခဲ့ကြောင်း သိရပါတယ်။
မက္ကစီကို အာဏာရပါတီမှ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဂျို့စ်အန်တိုနီယိုမီယာဒီကလည်း မန်နျူရယ်လိုပက်ဇ် အနိုင်ရမှုကို လက်ခံခဲ့ပြီး ၎င်းအတွက် ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
မဲရုံမှာ ဆန္ဒမဲထည့်နေသည့် မန်နျူရယ်လိုပက်ဇ်
အန်တိုနီယိုရဲ့ Revolutionary Party (PRI) ပါတီက မက္ကစီကို နိုင်ငံရေးနယ်ပယ်မှာ ပြီးခဲ့တဲ့ ရာစုနှစ်ရဲ့ အချိန်အတော်များများ လွှမ်းမိုးထားခဲ့ကြောင်းလည်း သိရပါတယ်။
ဇူလိုင် ၁ ရက် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ National Action Party (PAN) မှ ရီကာဒိုအန်နာယာကလည်း ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံလိုက်ပြီး မန်နျူရယ်လိုပက်ဇ်ကို ဖုန်းဖြင့်ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
မက္ကစီကိုရွေးကောက်ပွဲမှာ မဲပေးကြသည့် ပြည်သူများ
မက္ကစီကို လက်ရှိသမ္မတ အန်နရစ်ပီနာကလည်း မန်နျူရယ်လိုပက်ဇ်ကို ရွေးကောက်ပွဲမှာ အနိုင်ရမှုအတွက် ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။ မက္ကစီကို သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေကို ဒေသစံတော်ချိန် ဇူလိုင် ၁ ရက် ညသန်းခေါင်မှာ တရားဝင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
မက္ကစီကို လက်ရှိသမ္မတ အန်နရစ်ပီနာ
ဇူလိုင် ၁ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေဟာ မက္ကစီကိုမှာ ဆယ်စုနှစ်များအတွင်း လူသေဆုံးမှုအများဆုံး မဲဆွယ်စည်းရုံးမှုတစ်ခုလည်း ဖြစ်ခဲ့ပြီး နိုင်ငံရေးသမား ကိုယ်စားလှယ်လောင်းများနဲ့ ပါတီအဖွဲ့ဝင်များ ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။