စစ်ပွဲကြောင့် ကွဲကွာခဲ့ကြတဲ့ တောင်နဲ့မြောက် ကိုရီးယားမိသားစုတွေဟာ အချိန် ၁၁ နာရီမျှသာ အတူတကွ ရှိနေခွင့်ရကြမှာပါ။
Ko John

နှစ်နိုင်ငံစစ်ပွဲကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးကတည်းက ကွဲကွာခဲ့ကြပြီး ယခုအခါ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းဘဲ ချည့်နဲ့နေပြီဖြစ်တဲ့ တောင်နဲ့မြောက် ကိုရီးယားမိသားစုဝင်တွေဟာ မျက်ရည်စက်လက်နဲ့ ငိုကြွေးကြရင်း ယနေ့ (သြဂုတ် ၂၀ ရက်) မှာ စိတ်လှုပ်ရှားဖွယ် ပြန်လည် ဆုံစည်းခွင့်ရခဲ့ကြပါတယ်။

4F3A15A400000578-0-image-a-1_1534745465971.jpg

Photo: AP



မြောက်ကိုရီးယားဘက်မှ အမျိုးသမီးကြီးတွေ အများအပြားက ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားပြီး မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်အီလ်ဆွန်းနဲ့ ၎င်းနေရာကိုဆက်ခံခဲ့တဲ့ သားဖြစ်သူ ကင်မ်ဂျုံအီလ် ဓာတ်ပုံပါအမှတ်တဆိပ်များ တပ်ဆင်ထားကြပါတယ်။

တောင်ကိုရီးယားဘက်မှ သက်ကြီးရွယ်အို မိသားစုဝင်တွေကတော့ ၎င်းတို့ရဲ့ အကောင်းဆုံးဝတ်စုံတွေကို ဝတ်ဆင်ထားကြတာ တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ကြရင်း ဆယ်စုနှစ်များတိုင် ကွဲကွာနေခဲ့ကြစဉ်က အကြောင်းတွေကို သူတို့ရဲ့ ဆွေမျိုးသားချင်းဓာတ်ပုံတွေကို အပြန်အလှန် ပြသကြရင်း ပြန်ပြောင်းပြောဆိုခဲ့ကြပါတယ်။

ပြန်ဆုံခွင့်ရခဲ့တဲ့ မိသားစုဝင်အချို့

ကွဲကွာမိသားစုတွေ ယနေ့ ပြန်ဆုံတွေ့ခဲ့ရာမှာ အသက် ၉၉ နှစ်အရွယ် တောင်ကိုရီးယားအဘွားအို ဟန်ရှင်ဂျာနဲ့ စစ်ပွဲအတွင်း ကွဲကွာသွားခဲ့ပြီး မြောက်ကိုရီးယားဘက်မှာ ရောက်ရှိနေခဲ့တဲ့ အသက် ၆၉ နှစ်နဲ့ ၇၂ နှစ်အရွယ် သမီးနှစ်ဦးတို့လည်း ပါဝင်ခဲ့ကြပါတယ်။

koreas-reunion.jpg

ပြန်ဆုံတွေ့ခဲ့ကြတဲ့ ဟန်ရှင်ဂျာတို့ သားအမိသုံးယောက် (Photo: AFP)



သားအမိသုံးယောက် ပြန်ဆုံတွေ့ကြရာမှာ တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်ဆိုင်ပြီး  လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလျက်သား ငိုကြွေးခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း ထွက်ပြေးခဲ့ရင်း သမီးနှစ်ဦးနဲ့ ကွဲကွာသွားခဲ့တယ်လို့ အဘွားအို ဟန်ရှင်ဂျာက ဖွင့်ဟခဲ့ပါတယ်။

အသက် ၉၂ နှစ်အရွယ် လီကွမ်စွမ်းအမည်ရှိ အဘွားအိုဟာလည်း စစ်ပွဲကာလအတွင်း လူမမယ် ကလေးအရွယ်ကတည်းက ကွဲကွာသွားခဲ့တဲ့ သူမရဲ့သားဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။ စစ်ပွဲအတွင်း သူမနဲ့ခင်ပွန်းဖြစ်သူတို့ ထွက်ပြေးခဲ့ကြစဉ် သားဖြစ်သူနဲ့ ကွဲကွာသွားခဲ့တာဖြစ်ပါတယ်။

4F3B54F000000578-6077781-image-a-18_1534757493067.jpg

အသက် ၉၂ နှစ်အရွယ် အဘွားအိုနှင့် အသက် ၇၂ နှစ်အရွယ် သားဖြစ်သူတို့ ပြန်ဆုံတွေ့စဉ် (Photo: AFP)



ထိုစဉ်က ၎င်းတို့ရဲ့သားဖြစ်သူ ရီဆန်ချိုလ်က အသက်လေးနှစ်သားအရွယ်မျှသာ ရှိပါသေးတယ်။ ယနေ့ သားအမိနှစ်ဦး ပြန်ဆုံတွေ့ကြရာမှာ အဘွားအိုလီက ယခုအခါ အသက် ၇၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သားဖြစ်သူရဲ့နာမည်ကို အော်ခေါ်ခဲ့ပြီး သားအမိနှစ်ယောက်သား စိတ်လှုပ်ရှားစရာကောင်းစွာ ပွေ့ဖွက်ခဲ့ကြပါတယ်။

သားဖြစ်သူ ရီဆန်ချိုလ်က မြောက်ကိုရီးယားမှာရှိတဲ့ ၎င်းရဲ့မိသားစုဓာတ်ပုံတွေကို မိခင်ကြီးလီကို ပြသခဲ့ပါတယ်။ ယနေ့ ပြန်လည်တွေ့ဆုံပွဲမတိုင်မီ အဘွားအိုလီက "ကျွန်မ ဒီလိုနေ့မျိုး ရှိလာမယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပါဘူး၊ သူ အသက်ရှင်နေခဲ့သလား ဒါမှမဟုတ် အသက်မရှင်ခဲ့ဘူးလားဆိုတာတောင် ကျွန်မ မသိခဲ့ပါဘူး" လို့ ဖွင့်ဟပြောခဲ့ပါတယ်။

korea-reunion-buses.jpg

ကွဲကွာမိသားစုဝင်များ လိုက်ပါလာသည့် ယာဉ်တန်း စစ်မဲ့ဇုန်ကို ဖြတ်သန်းစဉ် (Photo: AFP/Ed Jones)



ယခု ပြန်လည်ဆုံတွေ့ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အကြီးဆုံးဖြစ်သူ ဘိတ်ဆောင်ကျူဟာ အသက် ၁၀၁ နှစ်ရှိနေပြီး ၎င်းရဲ့ချွေးမနဲ့ မြေးမဖြစ်သူတို့နဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ အဘိုးအိုဘိတ်ဆောင်ကျူက အဝတ်အထည်များ၊ အတွင်းခံများ၊ ရှူးဖိနပ် အရံ ၃၀၊ သွားတိုက်တံနဲ့ သွားတိုက်ဆေးတွေကို ချွေးမနဲ့မြေးဖြစ်သူအတွက် လက်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော် စတီးဇွန်း အချောင်း ၂၀ လည်း ယူလာခဲ့တယ်၊ ကျွန်တော် အကုန်လုံးဝယ်လာခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီလိုတွေ့ဆုံရတာက ကျွန်တော့်အတွက် နောက်ဆုံးအကြိမ်ပဲလေ" လို့ အဘိုးအိုဘိတ်ဆောင်ကျူက ဖွင့်ဟပြောခဲ့ရှာပါတယ်။

၂၀၁၈ ခုနှစ် ပြန်လည်ဆုံတွေ့ပွဲ အစီအစဉ်

စစ်ပွဲကြောင့် ကွဲကွာခဲ့ကြတဲ့ တောင်နဲ့မြောက် ကိုရီးယားမိသားစုတွေဟာ ယနေ့မှစပြီး သုံးရက်အတွင်း မြောက်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့်တွေရဲ့ အချိန်ပြည့်စောင့်ကြည့်မှုအောက်မှာ စုစုပေါင်း အချိန် ၁၁ နာရီမျှသာ အတူတကွ ရှိနေခွင့်ရကြမှာပါ။

သူတို့အားလုံးဟာ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၂ ရက်) မှာ သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်ကြရပြီး နောက်တစ်ကြိမ် မခွဲခွာရမီ သုံးနာရီမျှသာ သီးသန့်တွေ့ဆုံခွင့်ရကြပြီး ဒီလို တွေ့ဆုံမှုဟာလည်း သူတို့ရဲ့ လက်ရှိ အသက်အရွယ်တွေအရ နောက်ဆုံးအကြိမ် ဖြစ်ဖွယ်ရှိနေခဲ့ပါပြီ။

4F3B5A2400000578-6077781-image-a-8_1534759036207.jpg

ကွဲကွာမိသားစုဝင်များ ပြန်လည်ဆုံတွေ့ကြစဉ် (Photo: AFP)



တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံမှ ကွဲကွာမိသားစုတွေ ပြန်လည်ဆုံတွေ့ပွဲတွေ ယခင်က ပြုလုပ်ပေးခဲ့ဖူးပေမဲ့ ယခုကဲ့သို့ မိဘနဲ့ကလေးများ ပြန်ဆုံတွေ့မှုဖြစ်ရပ်တွေ ရှားပါးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းက ကိုရီးယားနှစ်နိုင်ငံက ကွဲကွာမိသားစုများ ပြန်လည်ဆုံတွေ့ပွဲ အကြိမ် ၂၀ စီစဉ်ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ကွဲကွာခဲ့တဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ရန် တောင်ကိုရီးယားဘက်မှ စာရင်းပေးသွင်းထားသူ ၁၃၀,၀၀၀ ကျော်အနက် အများစုဟာ ပြန်လည်ဆုံတွေ့ပွဲတွေ စတင်ခဲ့စဉ်ကတည်းက ကွယ်လွန်ခဲ့ကြပြီ ဖြစ်ပါတယ်။ သက်ရှိထင်ရှားကျန်ရှိနေသူ ထက်ဝက်ကျော်ဟာလည်း ယခုအခါ အသက် ၈၀ ကျော်အရွယ်တွေ ဖြစ်နေပါပြီ။

3A696E67-A54F-4774-BE43-2D3F8455FD51_cx11_cy4_cw77_w1023_r1_s.jpg

မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှု (Photo: VOA)



ယခု ကွဲကွာမိသားစုများ ပြန်လည်ဆုံတွေ့ပွဲကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဧပြီ ၂၇ ရက် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီမှုအရ စီစဉ်ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မိသားစုတွေ ကွဲကွာခဲ့ကြရတဲ့ ကိုရီးယားစစ်ပွဲ

၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲကြောင့် သန်းနဲ့ချီတဲ့ ညီအစ်ကိုမောင်နှမများ၊ မိဘနဲ့သားသမီးများ၊ ခင်ပွန်းနဲ့ဇနီးများ ကွဲကွာခဲ့ကြရပါတယ်။

ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့်သာ ရပ်ဆိုင်ထားနိုင်ခဲ့ပြီး ယနေ့အချိန်ထိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ စစ်ပွဲကာလအတွင်းမှာရှိနေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

4F3B516900000578-6077781-image-a-20_1534757502222.jpg

ကွဲကွာမိသားစုဝင်များ ပြန်လည်ဆုံတွေ့ကြစဉ် (Photo: AFP/Getty Images)



စစ်ပွဲရပ်ဆိုင်းပြီးနောက် ကိုရီးယားကျွန်းဆွယ်ကို စစ်မဲ့ဇုန် (Demilitarized Zone  - DMZ) သတ်မှတ်ကာ ပိုင်းခြားထားခဲ့ပါတယ်။ ထိုအချိန်မှစပြီး အရပ်သားများ နှစ်နိုင်ငံကို ကူးလူးဆက်ဆံခွင့်နဲ့ သွားလာခွင့်တွေ တားမြစ်ပိတ်ပင်ထားခဲ့ပြီး မိသားစုဝင်များစွာ အဆက်အသွယ်ပြတ်ကာ ကွဲကွာနေထိုင်ခဲ့ကြရပါတယ်။

နှစ်နိုင်ငံသဘောတူညီမှုအရ ယနေ့ စီစဉ်ပေးခဲ့တဲ့ ကွဲကွာမိသားစုများ ပြန်ဆုံတွေ့မှုဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ သုံးရက်ကြာမယ့် ကွဲကွာမိသားစုများ ပြန်ဆုံတွေ့ကြမှုကို မြောက်ကိုရီးယားဘက်ရှိ Kumgang တောင် အပန်းဖြေစခန်းမှာ ပြုလုပ်ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ


က္က